မှတ်မိနေမည် မနီလာ အပိုင်း (၃)
ကျွန်တော် တက္ကစီက ဆင်းတော့ Venice Grand Mall ကြီးက စောင့်ကြိုနေလေရဲ့၊ သူ့ပုံစံက Venice မြို့ရဲ့ လှေလေးတွေနဲ့သွားလာလို့ ရတဲ့ ပုံ ကို ယူထားတာပေါ့၊
အာရှရဲ့ ဗင်းနစ်
အထဲမှာတော့ အီတလီ အစားအသောက်တွေ ဖြစ်တဲ့ ပါစတာ၊ ပီဇာ နဲ့ ဂျီလာတို ဆိုင်တွေက နေရာယူ ထားတယ်၊ကျွန်တော် ကတော့ တွေ့တာ က Peri Peri chicken.. လွန်ခဲ့တဲ့နှစ်များက ကျွန်တော် အရင် နေခဲ့တဲ့ ရန်ကုန် ယောက်လမ်း မှာ ဒီဆိုင်ဟာ franchise လာ ဖွင့်ပါတယ်။ အမှတ်တရ များစွာ ရှိခဲ့ပြီး အဲ့ က ကြက်ကင် ဟာ လည်း အရမ်း နူးညံ့ပြီး စားကောင်းပါတယ်၊
ဒီလိုနဲ့ ကျွန်တော် peri peri မှာ အလွမ်းပြေ နေ့လည်စာ စားခဲ့ပါတယ်။ စားပြီးတော့ mall ထဲ ဟိုနားသွား ဒီနားသွားလျှောက်ကြည့်ရင်း အပေါ်ဆုံးထပ်ကို တက်လာဖြစ်တယ်၊ အပေါ်ဆုံးထပ် မှာ chapel 💒 လေး တစ်ခု ရှိတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဖြစ်တာကြောင့် ဘုရားကျောင်း မရောက်ဘူးပါ.. chapel ဆိုတာက တော့ cathedral လောက် မကြီးတဲ့ ဘုရားကျောင်းပေါ့နော်။ မောမောနဲ့ ဘုရားကျောင်း ထဲဝင်လိုက်တဲ့ အခါ အဲကွန်းကြောင့်လား ယေရှု အရိပ်အာဝါသ ကြောင့်လား မသိ .. အလွန်ပူနေတဲ့ မနီလာရဲ့ နေက နေ သက်သာသွားပါတယ်..
Chapel ထဲမှာ ကျွန်တော် စိတ်ကျေနပ်လောက်တဲ့ ထိ ထိုင်နေခဲ့တယ်။ chapel ဟာ အေးချမ်းလှတယ်.. ဘယ်သူမှ မရှိဘဲ လက်ဝါးကပ်တိုင် ပေါ် က ကိုယ်တော် နဲ့ ကျွန်တော် သာ ရှိနေတယ်။ အာရုံပြုလိုက်ပြီး ဘာသာခြားဖြစ်သော်လည်း ကျွန်တော် စိတ်ထဲကနေ ဒီအရိပ်အာဝါသ ကို ဝေမျှသောကြောင့် ကျေးဇူးတင် ဂါဝရပြုလိုက်ပါတယ်.. ကိုယ်တော် ကြောင့် မဟုတ်ရင် ဒီ နားခို စရာ လည်း မရှိနိုင် ပေ မဟုတ်လား…
ကျွန်တော် အဲ့ mall က ထွက်လာပြီး အနီးအနား ရပ်ကွက် လျှောက် ကြည့်ဖြစ်တယ်၊ ဒီရပ်ကွက် ဟာ အရမ်းလှပ နေပြီး စားသောက်ဆိုင် အကောင်းစားများလည်း ပေါများလှတယ်။ ဒါဟာ သူဌေးရပ်ကွက်ပဲ..
ဒီလိုနဲ့ အဲ့ တောင်ကုန်း က ဆင်းလာတော့ သံရုံးတစ်ခုလည်း တွေ့ခဲ့တယ်၊ လမ်းကျော်တံတားဟိုဘက်ကို ဆက်ဖြတ်လိုက် ခဲ့တယ်။ ဟိုဘက်ရောက်တော့ ခုနက သူဌေးရပ်ကွက်လက္ခဏာ တွေ ပျောက်ကွယ်သွားပါတယ်..ဒီနားမှာ လမ်းမကြီး ပဲ ရှိပြီး ကျန်တာ ဘာမှ မရှိပါဘူး..
လမ်းတစ်ဖြတ်၊ လူတန်းစားတစ်ရပ်
အဲဒါနဲ့ အနီးအနားရှာတော့ လမ်း ကျဉ်းလေး တစ်ခု ဟာ ခြေရာတွေ ထပ် နေတယ်.. ကျွန်တော် လည်း အဲ့လမ်း လေးအတိုင်း လိုက် သွားတဲ့ အခါ မှာတော့ အဆုံးမှာ အခြေခံလူတန်းစား ရပ်ကွက် ကို ရောက် သွားပါတယ်..
အံ့ဩစရာက အခြေခံလူတန်းစား ရပ်ကွက်ကလေး နဲ့ ဒိတ်ဒိတ်ကျဲ သူဌေးအိမ်ယာ ရယ် သံရုံးရယ် ဟာ လမ်း မတစ်ခုလေးပဲခြားတာ ပါပဲ။
ကျွန်တော် ရပ်ကွက် ထဲဆက်သွားတော့ ကလေး များ ဟာ ဘက်စကက်ဘော (basketball) ကို ရပ်ကွက်ထဲ က ကွက်လပ်တစ်ခုမှ ဆော့နေကြတယ်.. ရှေ့ဆက် သွားတော့ ကလေးမ တစ်ချို့ က စင် အသေးလေးပေါ် မှာ အက တိုက် အဆို တိုက် ကျင့်နေကြတယ်.. ကျောင်းပွဲလေး တစ်ခုပေါ့..
ကျွန်တော် ဆက်လျှောက်လာတော့ နေက လည်း အရမ်း ပြင်း ပြီး ဘာမှလည်း မရှိတော့တာနဲ့ ဆိုက်ကယ် ငှါးလိုက်ပါတယ်.. ထပ်သွားမယ့်နေရာက Bonifacio Global City (BGC) ပါ…
ဆယ်မိနစ်လောက် စောင့်လိုက်ရတယ်.. ဆိုက်ကယ်သမား က ဒီနေရာ က ခေါင်လွန်းလို့ လာရခက်ခဲတဲ့ အကြောင်း ပြောတယ်.. ခုလို ရပ်ကွက်တွေကို ဘရန်ဂိုင်း (barangay) လို့ခေါ်ကြောင်း administrative region အထွေထွေအုပ်ချုပ်ရေးရဲ့ အသေးဆုံး အစိတ်ပိုင်း လေး ဖြစ်ကြောင်း ပြောပြတယ်၊ ဒီလိုနဲ့ ဆယ့်ငါး မိနစ်လောက် ရပ်ကွက်ဆန်တဲ့ နေရာတွေ ဖြတ်လာတော့ လမ်း ဟာ မတ်လာတယ်၊ ဆိုက်ကယ် ဈေးဆိုင် တွေလည်း ထူပြီး ကုန်း တက်လမ်းလေး ဟာ လာ ဂျမ်းဖြစ်နေတယ်.. ဒီလိုနဲ့ အဲ့ကုန်းလေး ကို တက်လိုက်တော့ ရုတ်ချည် လမ်းမကြီး ပြန် ဖြစ်သွားပြီး မိုးမျှော် တိုက် တွေပါတွေ့ရတော့တယ်.. ဘီဂျီစီနဲ့ ခုနက တောင်ကုန်းလမ်းလေး အောက်က အောက်ချိုင့် ဆင်ခြေဖုံးရပ်ကွက်လေး ဟာ လည်း ကုန်း တစ်ခု သာ ခြားကြောင်း သိရှိခဲ့ရတယ်
အနာဂတ်မြို့တော်
ဘီဂျီစီ ကြီးဟာ တစ်မြို့လုံး မိုးမျှော်တိုက်များလိုပဲ၊ စပြီး အမှတ် ၁ လမ်း က နေ ဝင်သွားတာနဲ့ ခုန တွေ့နေတဲ့ ဆင်းရဲမှု တွေ ဟာ ပျောက်ကွယ် သွားပြီး မြို့တော် အသစ်ကြီးလို ဖြစ်နေတာပါပဲ…
စစချင်း ဆိုက်ကယ်သမားက ငှါးထားတဲ့ Bonifacio High Street မှာ ချပေးလိုက်တယ်.. အဲ့လမ်းက ဘီဂျီစီရဲ့ ရှိတဲ့ လမ်း အားလုံးကို ထောင့်ဖြတ်ထားတဲ့လမ်းပါ.. ဒီလျှောက်လမ်းက ပန်းခြံတွေ event တွေရှိတယ်.. ထိုင်စရာ ခုံတွေ လည်း ချထားပေးတယ်..
လမ်းတစ်လျှောက် ရေခဲမုန့်ဆိုင် ၊ ဘား နဲ့ fine dining ဆိုင်တွေတော့ ပေါမှပေါပဲ.. BGC မှာ ကမ္ဘာ့ဘဏ်ကြီးတွေ၊ အာမခံ နဲ့ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ တွေ အများကြီးပဲ.. အဲ့က ဝန်ထမ်းတွေ အလုပ်ပြီး ရင် ဒီမှာ လာ အပန်းဖြေကြသလားပဲ.. BGC မှာ နိုင်ငံခြားသား က ကျန်တဲ့ နေရာ ထပ် ပိုများစွာ တွေ့ရတယ်.. တစ်ချို့လည်း expatriate ပုံစံ နဲ့ မြို့ထဲမှာ ခွေးကျောင်းထွက်ကြတာတွေ ရှိတယ်..
စိတ်ဝင်စားဖို့ အကောင်းဆုံးက BGC မှာ E scooter ပန်းရောင်လေးတွေ ငှါးလို့ရတာပဲ၊ Moovr လို့ ခေါ် ပါတယ်... တစ်နေရာနဲ့ တစ်နေရာ သွားမယ်ဆို လမ်းလျှောက် စရာ မလို ပဲနဲ့၊ scooter လေးနဲ့ သွားလို့ရမယ်.. ဘယ်လောက်မိုက်လဲ.. ကျွန်တော်စီးချင်ပေမယ့် အဲ့ scooter app က payment ကို Gcash ဆိုတဲ့ app နဲ့ ပေးရတာပါပဲ..
ကျွန်တော်က နိုင်ငံခြားသား ဖြစ်တဲ့ အတွက် GCash သုံးတဲ့ အခါ verification step တွေမှာ ကြန့်ကြာနေတာနဲ့ မစီးဖြစ်လိုက်တော့ဘူးပေါ့..
ဘန်းဘန်း
ဘီဂျီစီမှာ လျှောက် သွားနေရင်း သေနတ်ဆိုင် တစ်ခုတွေ့ပါတယ်၊ သရက်သီး သေနတ် မဟုတ်ပါဘူးနော်.. ဖိလစ်ပိုင်မှာ က တကယ် ကို တရားဝင် သေနတ် ဝယ်ခွင့် ပိုင်ခွင့်ရှိပါတယ်..
အဆောက် အဦးတွေ ရဲ့ လုံခြုံရေး တွေ ကို ကြည့်ရင် တောင် အကုန်လုံး က Shotgun လွယ်ထားပြီး ပစ္စတို ခါးထိုးထားပါတယ်.. ဖိလစ်ပိုင်ရဲ့ ဥပဒေ အရ သေနတ်ပေးကိုင်ထားတာ အတော် အံ့အား သင့်စရာပါ… ကျန်တဲ့ အာစီယံ နိုင်ငံများ နဲ့ ယှဉ်ရင် ဖိလစ်ပိုင် က လူထုအတွက် လက်နက်ခဲယမ်း အပေါ် ထိန်းချုပ် မှု အနည်း ဆုံးဖြစ်မယ် ထင်တယ်..
ဒီလိုနဲ့ ဆိုင်ထဲ ဝင်ပြီးတော့ သေနတ်တွေ လျှောက်ကြည့်ခဲ့တယ်ပေါ့နော်.. နောက် အပြင်ပြန်ထွက်လာ တော့ ညနေ စောင်းနေပြီ။
ဘီဂျီစီက လည်း သိပ် မဝေး၊ ပြန်ရမယ့် ဟိုတယ် နဲ့ လည်း သိပ် မဝေး ၊ နာမည် လည်း ကြီး တဲ့ နေရာ တစ်ခု ကို သွား ဖို့ Move It တစ်စီး ငှါး လိုက်တယ်… နောက် သွားမယ့်နေရာ က
ပိုဘလာစရွန်း (Poblacion de Makati)
ပိုဘလာ စရွန်း ဆိုတာ စပိန်လိုတော့ မြို့နယ် ဒါမှမဟုတ် ရပ်ကွက်ပေါ့.. မကာတီ ထဲ မှာ ပိုဘလာ စရွန်း ဟာ တည်ရှိနေပြီး nightlife tourist attraction ဖြစ်ပါတယ်…
ဘေးမှာ တိုက်အမြင့်ကြီး တွေ ခြံရံထာပြီး သူ့ရဲ့ လမ်းမှာတော့ ပကာသန နည်းစွာ လမ်းဘေးစာ တွေ ၊ ကလပ်နဲ့ ဘား အစုံ ရှိပါတယ်.. ကျွန်တော် ပိုဘလာစရွန်းကို ရောက်တော့ ၆-၇ လောက် ရှိပြီ။ ဗိုက်ဆာလာတာနဲ့ ဂျိုလီဘီး(Jollibee) ကြက်ကြော် ဆိုင် တွေ့တော့ ကြက် ကြော် ဝင်စားဖြစ်တယ်..
စလုံးမှာလည်း KFC ငြီးငွေ့လာရင် ဂျိုလီဘီး စားနေကြပေါ့.. အရင် က ဂျူရောင်းအိစ် (Jurong East) နားမှာ နေပြီး အလုပ်လည်း လုပ်တဲ့ သူဆိုတော့ ကြက်ကြော် တမ်းတရင် ဂျူရောင်းအိစ် ဘူတာ အောက် က ဂျိုလီဘီး ဆိုင် မှာ တန်းစီစီနေကြ က ကျွန်တော်ပါပဲ..
ဖိလစ်ပိုင်က ဂျိုလီဘီး အစစ် က ပိုပြီး စား ကောင်း သလို ရှိတယ်.. အဝစားလိုက် ပြီးတော့ ပိုဘလာ စရွန်း လမ်း ထဲ ဝင်လိုက်တယ် ဆိုရင် ပဲ စတွေ့ရတာက ဂိုးဂိုးဘား (Go Go bar ) စတိုင် ဘားတွေပဲ ဖြစ်ပါတယ်… စင်တင်ပေါ့နော်.. ပြီးတော့ တခြား ဘားတွေကလည်း costume party လုပ်နေတာနဲ့ ကျွန်တော် Spider-Man တို့ Captain America တို့ တွေ့ခဲ့ရတယ်.
Google မှာ the best bar in Poblacion ဆိုပြီး ရှာလိုက်တော့ The spirit library ဆိုတဲ့ ဆိုင်ကို တွေ့တယ်.. ဆိုင်လိပ်စာ ကို ရောက်တော့ ဘာဆိုင်မှ မတွေ့တော့ အံ့ဩသွားရတယ်.. ဒါပေမယ့် အဲ့နားမှာ antique ဆိုင် အသေးလေး တစ်ခုတွေ့တယ်.. ရှေ့မှာ လည်း လူ တစ်ယောက် ရပ်နေတယ်.. အဲဒါနဲ့ ခပ်တည်တည်ပဲ ဆိုင် ထဲဝင်လိုက်တော့ ဟိုလူက စာအုပ်စင် တစ်ခုကို တွန်းလိုက်တာ တံခါး တစ်ချပ်ဖြစ်နေပြီး အထဲမှာ ဖွက်ထားတဲ့ ဘား ကိုတွေ့ရတယ်.. ဒီဘား က speakeasy concept နဲ့ လုပ်ထားတာဖြစ်နေတယ်လေ..
အထဲမှာတော့ မှောင် နေပြီး ကောက်တေး တွေကလည်း အရမ်း ဆန်းတယ်.. ဖိလစ်ပိုင်ရဲ့ သမိုင်း ကို ပြန် ကောက်ပြီး ကောက်တေး လေးတွေ ထွင်ထားတယ်.. တစ်ခွက်လောက် မှာ ပြီး classical သီချင်း လေးတွေနားထောင်ပြီး အေးဆေးထိုင်နေမိတယ်.. ဒီဘားထဲမှာ အံ့ဩစရာက စာအုပ်စင် တွေမှာ အရက် ပုလင်း တွေ ထားထား ပြီး အရက် လိုရင် စာကြည့်တိုက်လို လှေကား လေး နဲ့ တက်ယူရတာပါ..
မေငါး ရက် (သို့) Cinco De Mayo
စာကြည့်တိုက်က ထွက်လာပြီး ပိုဘလာ စရွန်း ရဲ့ လမ်း ကြို လမ်းကြား ထဲ လျှောက် သွားရင်း ကျွန်တော် ဟာ လမ်း ပျောက်သွားပါတယ်.. လမ်းပြန်ရှာရင်း တစ်နေရာရောက်တော့ စည်စည်ကားကား ဖြစ်နေတာ နဲ့ ဝင်ကြည့်တော့ ဈေးပွဲတော် တစ်ခု ဖြစ်နေတယ်.. ဟိုစေး ဂွါဗို (Jose Cuervo) က စပွန်ဆာပေးထားပြီး အထဲမှာ တက္ကီလာ ကောက်တေး တွေကို ပလက်စတစ်ခွက်လေး တွေ နဲ့ ရောင်းနေတဲ့ ပွဲတော် တစ်ခု ဖြစ်နေတယ်..
ဘာပွဲလဲ ဆိုပြီး စပ်စုတော့ မေ ငါး ရက် လို့ စပိန်ဘာသာ နဲ့ ခေါ်တဲ့ ချင်ကိုဒီမာယို (Cinco De Mayo) ဖြစ်နေပါတယ်.. ချင်ကို က မက္ကစီကို နိုင်ငံ ရဲ့ ပြင်သစ် ကျူးကျော် မှုကို အောင်နိုင်ခဲ့တဲ့ နေ့ကို အထိမ်းအမှတ်လုပ်တာဖြစ်ပါတယ်..
အဲဒါကို ဖိလစ်ပိုင် မှာလည် Spanish diaspora ဖြစ်တဲ့ အတွက် ဒီမှာ လည်း ကျင်းပနေတာပေါ့၊ ကျွန်တော် လည်း ဓါတ်ပုံဘာညာ ရိုက် ဖြစ်ခဲ့ပါတယ်..
လမ်းထဲမှာ ဒီဂျေ ကို လမ်းရဲ့ နှစ်ဖက် စလုံးမှာ ထားပြီး မိုက်နေပါတယ်.. လူစည်နေတဲ့ ဘက်ကတော့ ဟိုတယ် တစ်ခုရှေ့မှာ ဖွင့်ထားတဲ့ ဒီဂျေ စင်ပဲ ဖြစ်ပါတယ်.. ခဏနေတော့ Mariachi band တွေရောက်လာတယ်.. ပြီး တော့ တခြား entertainment တွေဖြစ်တဲ့ comedian တွေ Stilt walker တွေ လည်း ပါပါတယ်..
အားလုံး ပျော်နေကြတာပေါ့..
နိုင်ငံခြားသားတွေ များတယ်..ဟိုတယ်ရှေ့က တက်တူးဆိုင်တစ်ခု မှာ လူတွေစုနေပြီး ကောက်တေးသောက် ဝိသောက် ပြီး ကောင်း နေကြတယ်.. နောက်တော့ ဒီဂျေ နဲ့ က ကြတာပေါ့.. Jose Cuervo ရဲ့ ပရိုမိုးရှင်းတွေလုပ်တယ်.. ဥပမာ အဲ့ လမ်း ပရဝုန် ထဲမှာ လျို့ဝှက်ပြီး ကြယ် စတစ်ကာလေး တွေ ကပ်ထားတယ်တဲ့.. တွေ့ရင် အဲ့ ကြယ်နဲ့ ကောင်တာတွေ မှာ ကောက်တေး ကို ဖရီး ယူလို့ ရမယ် ပေါ့…
မက္ကစီကို စတိုင် ဖြစ်တာကြောင့် တက္ကီလာ ကောက်တေး တွေ ပဲပေါ့.. ဒါပေမယ့် သူတို့ ဆပ်ထား တာ တော်တော် ကောင်း တယ် .. အရမ်း မပြင်း ဘဲ enjoy လို့ အိုကေ ရုံပေါ့..
ဘဲပေါက်ဥ (သို့) ဘလွတ်
ဖိလစ်ပိုင် မှာ နာမည်ကြီး လမ်းဘေးစာ တစ်ခုရှိတယ်.. အဲဲဒါကတော့ Balut လို့ ခေါ်တဲ့ ဥ ပါ.. ဘဲဥ ကို ၂-၃ ပတ်လောက်ထားလိုက်တော့ အကောင်သေးသေးလေး က အထဲမှာ ပေါက်နေပြီ.. ပြီးတော့မှ အဲ့ ဘဲပေါက်ကို ပြုတ်ထားတာ ဖြစ်ပါတယ်..
ပုံမှန် ဘဲဥပြုတ်လို အကာနဲ့ အနှစ် တင် မဟုတ် ပဲ ဘဲခေါင်းသေး သေး လေး အတောင် သေးသေး လေးတွေ ဖြစ်နေပြီပေါ့.. ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ တစ်လုံး ဝယ်လိုက်တယ်.. လူက တက္ကီလာ အရှိန် ရယ် တနေ့လုံး လမ်းတွေ လျှောက်ထား တာရယ် ကြောင့် နည်းနည်းလည်း ပင်ပန်းနေတော့ ဟိုတယ် ပြန်လိုက်တယ်..
ပြီးတော့ ဘလွတ်ကို မြည်းကြည့်လိုက်တယ်.. အကုန် တော့ မစား ရဲ… သူက အတောင်လေး တွေ အမွှေးလေး တွေ တောင် ထွက်နေတော့ အသည်းယားစရာ ကောင်းတယ်.. အရသာကတော့ ဘဲဥ ကိုမှ နည်းနည်း ငံတဲ့ ဘက် သွားတာပေါ့..
စားပြီးတော့ ရေချိုး အဝတ်စားလဲပြီး အိပ်လိုက်တော့တယ်..
ဘူလာလို (သို့) Probably the best hangover soup in the world
ပြန်နိုးလာတော့ နေ့လည် ၁၂ ဖြစ်နေပြီ.. ပင်ပင်ပန်းပန်း နဲ့ အိပ်ချလိုက်တာ နိုးလာတော့ ညက တက္ကီလာ အရှိန် ကြောင့် ခေါင်း က နည်း နည်း ကိုက်နေတယ်..
ပြတင်းက နေ အပြင် ကို ကြည့်လိုက်တော့ နေက ခြစ်ခြစ် တောက် ပူ နေတယ်.. အဲဒါနဲ့ ဒီ နောက် ဆုံး နေ့ကို တော့ ဟိုတယ် ထဲပဲ နားပြီး Grab ကနေ စားစရာ မှာ စား ခဲ့တယ်.. Bulalo ဆိုတဲ့ ဟင်းရည် ကို တွေ့တော့ တစ်ပွဲမှာ လိုက်တယ်..
ရောက်လာတော့ စားကြည့်တဲ့ အခါ တော်တော် အရသာ ကောင်းတယ်.. သူက ပြောင်းဖူး ရယ် အမဲသား ရယ် ကို အရွက်နဲ့ ရော ပြုတ်ထားပြီး ငရုတ်သီး ကို လည်း အတောင့်လိုက် ပြုတ်ထားတယ်.. သံပရာ လည်း နည်းနည်း ညစ်ဖို့ပေး ထားတယ်… နည်းနည်း ညစ်ထည့် လိုက် ပြီး မြည်းကြည့် တော့ ချဉ်ငံစပ် အရသာ ပေါ့.. ခေါင်းကိုက် တော်တော် သက်သာ သွား ပြီး လန်း ဆန်းသွား တာပေါ့လေ..
ဘူလာလိုရဲ့ အဓိက ကတော့ bone marrow ရိုးတွင်း ချဉ်ဆီပါပဲ.. သူက အရိုး ကို နှစ်တုံးလောက် လှီးထဲ့ထား တယ်.. ရိုးတွင်းချဉ်ဆိ ကို ဇွန်း လေး နဲ့ ခပ်စား လိုက်တော့ အရမ်း နူးညံ့ပြီး ခံတွင်း ထဲ မှာ တင် အရည်ပျော် သွားတယ်.. တော်တော် လည်း အရသာ ရှိပါတယ်..
ပြီးပါပြီ
အချိန်ဟာ ခဏလေးပဲ ကုန်သွားတယ်.. ညနေစောင်းလာတော့ ဟိုတယ် ကို အချိန်ပို ပိုက် ဆံ အနည်း ငယ် ထပ်ပေးပြီး တက္ကစီ ငှါးပြီး လေဆိပ် ကို သွားလိုက်တယ်… စောနေပေမယ့် တော်တော် တန်းစီ ခဲ့ရတယ်.. လူတွေ က တော်တော် ဝီရိယ ရှိကြတယ်.. စလုံးလို automated lane တွေ မရှိတာလည်း ပါမှာပေါ့..
ဒီလိုနဲ့ လေဆိပ်ကနေ လေယာဉ်ပေါ်.. လေယာဉ်ပေါ်မှာ ၄ နာရီလောက် စီးလိုက် တော့ ပြန်ရောက်တော့ ည ၂ နာရီလောက် ဖြစ်နေပြီ .. ၂၀၂၃ တုန်း က ကျွန်တော့် ဆန္ဒ အထမြောက်ခဲ့ လေပြီ..
ကျွန်တော့် စိတ်ထဲမှာ အတွေး တစ်ခု လျှပ်ခနဲ ပေါ်လာတယ်..
ဪ…မှတ်မိနေမည် မနီလာ















Comments
Post a Comment