၁၂ နှစ်တာ ဧည့်သည် - စလုံးနှင့်ကျနော်
ကျွန်တော့်ဇာတိမြေကို နောက်ဆုံးလျှောက်ခဲ့ရတာ
ဘဝပေါင်းများစွာ ခြားသွားသလို ခံစားရတယ်။
တစ်ချိန်တုန်းက—ဟုတ်ပါတယ်၊ အခုထိ မှတ်မိနေတုန်းပါပဲ—
ကျနော်နှ့လုံးသားဟာ မျှော်လင့်ချက်တွေ
စိတ်အားထက်သန်မှုတွေနဲ့ ၊
အကန့်အသတ်မရှိတဲ့ အိပ်မက်တွေနဲ့ တဒိန်းဒိန်းခုန်ခဲ့တာပေါ့။
အဲဒီတုန်းက ကျနော်ဟာ ကလေးတစ်ယောက်ပါပဲ၊
ကမ္ဘာကြီးရဲ့ ရိုက်ခတ်မှုတွေကို မခံခဲ့ရသေးဘူး၊
လေယာဉ်ပေါ်ကို ခြေတစ်လှမ်းမျှ တင်မကြည့်ဖူးသေးတဲ့ ကလေး တစ်ယောက် ပေါ့ဗျာ....
ခုတော့ ပြန် စဉ်းစားရင် လွန်ခဲ့သော (၁၂) နှစ်…ဒီလို အတာသင်္ကြန်မတိုင်ခင်ကာလ မျိုးမှာ ကျနော်ဟာ
စင်္ကာပူသွားမယ့် လေယာဉ်စီးဖို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာပေါ့…
ရောက်လာတော့ ချန်းဂီအပြည်ပြည်ဆိုင်ရာလေဆိပ်—
ကြီးကျယ်လိုက်တာ၊ သူစိမ်းတိုင်းပြည်ရဲ့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာ။
အဲဒီနေ့ရဲ့ အသေးစိတ်တွေက ဓာတ်ပုံဟောင်းတစ်ပုံရဲ့ ဝါကျင့်နေတဲ့ အနားသားလို
မှေးမှိန်လာခဲ့ပြီ။ ဒါပေမယ့် အဲ့နေ့ရဲ့ မလတ်ဆတ်တော့တဲ့ မှတ်ညဏ်တစ်ခုက —
အပြင်မှာ စောင့်နေတဲ့ ကျနော့အစ်ကိုနဲ့ သူ့ဂျူနီယာ တဦးရဲ့ မျက်နှာ။
သူတို့ဟာ အဲဒီတုန်းက ထိုတိုင်းပြည်မှာ ရောက် ရှိနေပြီးသားပေါ့..
ကျနော့ကို သူတို့ရဲ့ နေအိမ် ခေါ်သွားတယ်၊
ကျဉ်းကျပ်ပေမယ့် ခေတ္တအချိန်တခုအတွက်တော့ "အိမ်"လို့ နာမည်တပ်ခဲ့ကြတဲ့ အခန်းလေးတွေပဲပေါ့။
အဲဒီတုန်းက ကျနော့အတွက် ကမ္ဘာကြီးဟာ ကျယ်ပြန့်လွန်းနေသေးတယ်၊
ကျတော်ကိုယ်တိုင်လည်း အရာအားလုံးနဲ့ သူစိမ်းပါပဲ။
အစောပိုင်းနှစ်များ (၂၀၁၃–၂၀၁၆)
နေထိုင်ရေးကလည်း မလွယ်ခဲ့ဘူး။ အစ်ကိုနဲ့ သူ့အခန်းဖော် နှစ်ယောက်တို့နဲ့ ကျဉ်းကျပ်တဲ့အိပ်ခန်းလေးတစ်ခုမှာ အတူနေခဲ့ရတယ်။ အချိန်အတော်ကြာမှ နေတတ်လာခဲ့တာပါ။
ဒါပေမယ့် အဲဒီနေ့တွေကို အခုပြန်ကြည့်ရင် လွမ်းစရာအဖြစ်တွေ့ရတယ်။ ကောလိပ်ပါတီတွေ၊ ညနက်တဲ့ထိ ဂိမ်းဆော့ကြတဲ့ညတွေ၊ အခက်အခဲတွေကြားက ပျော်စရာအချိန်လေးတွေ... ငယ်ရွယ်စဉ်မှာပဲရနိုင်တဲ့ အရသာတစ်မျိုးပါ။ အဲဒါကို နှောင်းတော့မှပဲ သိရတတ်တာလေ။
နောက်ပိုင်းမှာ အစ်ကိုနဲ့ကျွန်တော် နေအိမ်ပြောင်းခဲ့ကြတယ်။ ကျောင်းက နေတဲ့နေရာရဲ့ မြို့တစ်ဖက်စွန်းမှာရှိပြီး နေ့စဉ်ခရီးစဉ်တွေက ကျွန်တော့်ကို ပင်ပန်းလာစေတယ်။ ကျောင်းမှာလည်း လူမှုပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရတာ အခက်တွေ့နေဆဲပါ။ ဘာသာစကားအခက်အခဲက ထင်ထားတာထက် ပိုခက်ခဲစေတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ့်နေရာတစ်ခု ရှာတွေ့ခဲ့တယ်။ စာသင်ခန်းထဲမှာမဟုတ်ဘူး... အလုပ်ခွင်မှာပါ။ Sheraton Towers ဆိုတဲ့ ဟိုတယ်တခု မှာ စားပွဲထိုးလုပ်သားအနေနဲ့ အချိန်ပိုင်းအလုပ်ရခဲ့တယ်။ လွယ်လွယ်ကူကူနေရတဲ့နေရာမဟုတ်ပေမယ့်... ဒီအလုပ်ကပဲ ကျွန်တော့်ကို ဖက်တွယ်စရာတခု ပေးခဲ့တယ်။ လူတွေနဲ့စကားပြောရ၊ သင်ယူရ၊ တဖြည်းဖြည်း ကိုယ့်အိမ်လိုခံစားရတဲ့နေရာတစ်ခုပေါ့။
ကျတော့စိတ်ကူးထဲက ဘဝမျိုးမဟုတ်ပေမယ့်၊ ကျနော်နေထိုင်ခဲ့ရတဲ့ အဖြစ်မှန် ဘဝပါပဲ။ Sheraton Towers က အချိန်ပိုင်းဝန်ထမ်းအများစုက ကန်တင်းက အစားအသောက်တွေကို ညည်းညူနေကြတဲ့အချိန်၊ ကျတော့အတွက်တော့ ဒါဟာ တော်တော်စားကောင်းနေတာပါ ။ ပူပူနွေးနွေး အသား၊ ဟင်းသီးဟင်းရွက်နဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာ – ဒီထက်ဘာလိုချင်ဦးမှာလဲ။ အိမ်ပြန်ရင် ကျနော့ကိုစောင့်နေတာက ခေါက်ဆွဲခြောက်ပဲရှိနေတဲ့ ဖြစ်နေတဲ့နေ့တွေများပါတယ်။ ဒါကြောင့် ကန်တင်းက အစားအစာတွေကို မိန်ရေယှက်ရေ စားနေတဲ့ကျနော့ပုံစံကို လူတွေသတိထားမိကြတယ်။ သူတို့အတွက် ထူးဆန်းနေတာပေါ့..
ကောလိပ်ပထမနှစ်နှစ်အတွင်းမှာ Sheraton မှာအလုပ်လုပ်ရတာကို တဖြည်းဖြည်း စွဲလမ်းလာမိတယ်။ ပုံမှန်အချိန်ပိုင်းဇယားတွေမှာ ပါလာတတ်ပြီ။ နေ့စဉ်ရတဲ့ လုပ်ခ တင်မကဘူး၊ လူတွေနဲ့တွေ့ဆုံဖို့ အခွင့်အလမ်းနဲ့ (ထပ်ပြောရရင်) အိမ်မှာ စားဖို့ မရှိလို့ပါ။
ဒါပေမယ့် အရာရာက သာယာနေတာတော့မဟုတ်ဘူး။ ၁၂ နာရီကြာ shift တွေက ပြင်းထန်တယ်။ အကြီးတန်းဝန်ထမ်းတွေက အကုန်လုံးမေတ္တာရှိတာမဟုတ်ဘူး – အသစ်ရောက်လာသူတွေကို ဒုက္ခပေးရတာကို နှစ်သက်သူတွေလည်းရှိတယ်။ ဒီလိုနဲ့ လုပ်တာများလာတော့ ခြေထောက်တွေက ရောင်ရမ်းနာကျင်လာတယ်။ ဒီနာကျင်မှုက နှစ်ပေါင်းများစွာ ကျနော်နဲ့အတူရှိနေခဲ့တယ်။
၂၀၁၆ အစောပိုင်းရောက်တော့ ဟိုတယ် အလုပ်တွေကို လျှော့လုပ်လာပြီ။ လစာရတဲ့အလုပ်သင်နေရာ (internship) တစ်ခု ရသွားပြီ။ တဖြည်းဖြည်းနဲ့ Sheraton ကို အသွားနည်းလာခဲ့ပြီ။ ဒီကြားထဲမှာ long distance အချစ်ရေးတစ်ခုကိုတောင် ထိန်းသိမ်းနိုင်ခဲ့တယ်။
၂၀၁၆ ခုနှစ် အလယ်ပိုင်းမှာ ဒီပလိုမာရသွားတယ်။ ဒါဟာ ကောလိပ်နဲ့ အစားအသောက်လုပ်ငန်းထဲက ကျနော်ခရီးရဲ့ အဆုံးသတ်ပါပဲ။ နာကျင်နေတဲ့ခြေထောက်တွေရယ်။ ရယ်မောခဲ့ရတဲ့ ပေါက်ကရ အဖြစ်အပျက် အချို့ ရယ် ကျန်ခဲ့ပြီး မျှော်လင့်ချက်အပြည့်နဲ့ full time အလုပ်လုပ်ဖို့ ထွက်ခွာလာခဲ့တယ်။ ကျနော့အနေနဲ့ ကတော့ ဒီပလိုမာ စာရွက် တခု ကိုင်ပြီး ဘဝအသစ်ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီ။
Customer Service အလုပ် နှင့် Identity ပြသာနာ (၂၀၁၆-၂၀၁၈)
အတိတ်ကိုပြန်ကြည့်ရင် ဒီကာလဟာ ကျနော့်ကို ဘာသာစကားဆိုင်ရာ အမှန်တကယ်တိုးတက်လာတဲ့ အချိန်ပါ။ လူမျိုးစုံလင်တဲ့ အလုပ်ခွင်ထဲမှာ ဖြစ်တာရယ်။ အဓိကတာဝန်က စကားပြောဖို့ပါ။ ဖုန်းကိုင်ဖို့၊ ဖုန်းခေါ်ဖို့၊ ဂရုတစိုက်နားထောင်ပြီး ရှင်းရှင်းလင်းလင်းပြန်ဖြေဖို့။ ရယ်ကြောင့်ပါ.. ဒီအတွေ့အကြံုတွေက ကျောင်းသင်ခန်းစာတွေထပ် ပိုပြီး အကျိုးရှိခဲ့တယ်။
ကုမ္ပဏီရဲ့ gym ကို စလုံးလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ ပုံမှန်သွားတဲ့ အလေ့အထတစ်ခုလည်း စခဲ့တယ်။ အတူတူလေ့ကျင့်ခန်းလုပ်ရင်း အကြောင်းအရာအမျိုးမျိုးကို စကားစမြည်ပြောကြတယ်။ အဲဒီမှာ စလုံး slang တွေ နားလည်လာခဲ့တယ် ။ တဖြည်းဖြည်းနဲ့ စလုံးစကားတွေပါ ကျတော့် စကားတွေထဲ ပါပါလာတယ်။ ကျနော့်ရဲ့ လေယူလေသိမ်းကပါ စလုံး၊ မလေးရှားလူမျိုးတွေနဲ့ တု ပ ပြီး ပြောတတ် လာတယ်..
သတိမထားမိချိန်မှာပဲ ဒီနေရာနဲ့ ရောနှောသွားခဲ့တယ်။ ခရီးသွားလည်းမဟုတ်၊ ဒေသခံလည်းမဟုတ်တဲ့ နိုင်ငံခြားသား (expat) တစ်ယောက်အဖြစ် လေးနှစ်တာ နေထိုင်ခဲ့ပြီလေ။ တဖြည်းဖြည်းနဲ့ ဒီဘဝကို နှစ်သက်လာခဲ့တယ်။
ချာကွေတရောင်း ၊ လက္ဆာ၊ ဘက်ချောမီး အစရှိတဲ့ စင်ကာပူအစားအစာတွေဟာ ကျတော့် ကြိုက်တဲ့ စားစရာတွေ ဖြေးဖြေးချင်း
ဖြစ်လာတယ် ။ ဈေးပေါတဲ့ Pasar Malam အဝတ်အစားတွေဝတ်တတ်လာတယ်… ပြီးရင် ရပ်ကွက်ထဲလျှောက်သွား ဟောကာဆိုင်တွေမှာ တန်းစီတတ်လာတယ်… နေသားကျလာခဲ့ပြီလေ..
ဒေသခံအဘိုးအဘွားတွေက ကျနော့ကို "အာဘွိုင်း" (Ah boy) လို့ ခေါ်တတ်ကြတယ်။ ကျနော့်ရဲ့ ပိန်ပိန်ပါးပါးကိုယ်နဲ့ အသက်နဲ့မလိုက်အောင် ငယ်နေသေးတဲ့ မျက်နှာကြောင့်ပဲဖြစ်မယ်။ ရိုးရိုးလေးခေါ်တဲ့ နာမည်ပြောင်တစ်ခုဆိုပေမယ့် တစ်မျိုးတစ်ဖုံ ကျတော်တွက် အဓိပ္ပာယ်ရှိခဲ့တယ်။ သူတို့မျက်လုံးထဲမှာတော့ ကျနော်ဟာ နိုင်ငံခြားသားမဟုတ်တော့ပေဘူး ဆိုတဲ့ လက္ခဏာတစ်ခုပေါ့။
ဒါပေမယ့်... သူပြောတဲ့စကားလုံး တစ်လုံးတစ်ခုမှ နားမလည်ခဲ့ဘူး။
အဲ့အချိန်မှာပဲ နောက်က အိန္ဒိယလူမျိုး အဘိုးတစ်ယောက်က ရှေ့တိုးလာပြီး တရုတ်စကား ကျွမ်းကျင်စွာနဲ့ သူ့ကိုကူညီပေးလိုက်တယ်။။
အဲဒီနောက်မှာ အဘိုးကြီးရဲ့ နည်းနည်းစိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ "ဒီလူက ဘာလို့မကူညီတာလဲ" ဆိုတဲ့ အမေးသဘောဆောင်တဲ့ ကြည့်ရှုမှုတွေက ကျနော့ကို မထင်မှတ်ထားတဲ့နာကျင်မှုတစ်ခု ပေးခဲ့တယ်။ ပထမဆုံးအကြိမ် ကျနော့အသားအရေလတ်တော့ တရုတ်ထင်ပေမယ့် တရုတ်လိုမတတ်တဲ့ ငှက်ပျောသီး (အခွံဝါ အထဲဖြူ) လို့ အထင်ခံခဲ့ရတဲ့ အရှက်တရားမျိုးကို ခံစားလိုက်ရတယ်။
အဲဒီနေ့ကစပြီး ကျနောဆုံးဖြတ်ချက်ချလိုက်တယ် တရုတ်စာ ပြန်လေ့လာဖို့။ စင်ကာပူမရောက်ခင် မန်ဒရင်းသင်တန်းတိုလေး GESC မှာ တက်ခဲ့ဖူးပေမယ့် အဲဒါတင်မလုံလောက်ဘူး။ ဖုန်တင်နေတဲ့ စာအုပ်ဟောင်းတွေကို ပြန်ရှာထုတ်ပြီး ပြန်လေ့လာတယ်။ တရုတ်လူမျိုး အလုပ်ဖော်တွေကလည်း ကူညီပေးကြတယ် - ပြင်ပေးတယ်၊ အားပေးတယ်။
အားရက်တွေမှာ အိမ်မှာ နားကြပ်တပ်ထားပြီး pinyin ဇယားတွေကြည့်တာ၊ တေးသွားတွေကို စာသားတစ်ကြောင်းချင်းစီ ဘာသာပြန်နေတာ လေ့လာနေမိတယ် ။ ထူးဆန်းစွာပဲ တေးဂီတတွေက ကျနော့ ဆရာဖြစ်လာတယ်။ ဒါဟာလည်း တချိန်က GESC ရဲ့နည်းပဲလေ .. အားရင်သင်ချင်တဲ့ သီချင်းကို အကြိမ်ကြိမ်နားထောင်တယ်၊ အသံထွက်လိုက်တယ်၊ အကျွမ်းဝင်အောင် လေ့ကျင့်တယ်။ သီချင်းဆိုတာက ဘာသာစကားကို သူစိမ်းလိုမခံစားရစေတော့ဘူးလေ…
လပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ အကြိမ်ကြိမ် အမှားတွေနဲ့ လဲကျခဲ့ရတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ စကားစပြောတတ်လာခဲ့တယ် - အရင်ဆုံး မရေမရာနဲ့၊ နောက်ပိုင်းမှာတော့ သဘာဝကျကျ။ အခုဆိုရင် အောက်ထပ်က အဘိုးအဘွားတွေနဲ့ သာမန်စကားပြောနိုင်နေပြီ။ ပိုအရေးကြီးတာက တစ်ခါက နှုတ်ဆိတ်နေခဲ့ရတဲ့နေရာတွေမှာ အခုဆို ကူညီဖို့ ရှေ့တိုးနိုင်နေပြီ။ ဟောကာဆိုင်မှာ အစားအသောက်မှာတာလိုမျိုး သာမန်အရာတွေတောင်မှ အခုဆို လွယ်လွယ်ကူကူလုပ်နိုင်နေပြီ။
"ဘဝဆိုတာ ဒီလိုမျိုးပါလား - နာကျင်စရာအခိုက်အတန့်လေးတစ်ခုက အဓိပ္ပါယ်ရှိလှတဲ့ ခရီးတစ်ခုရဲ့ အစဖြစ်သွားနိုင်တယ်ဆိုတာ။"
ဆော့ဖ်ဝဲအင်ဂျင်နီယာဘဝအစနှင့် အချစ်ရေး (၂၀၁၈-၂၀၂၁)
ဒီနှစ်တွေဟာ ကျနော့အတွက် မကြာခဏ ပြန်လည်အမှတ်ရနေဆဲဖြစ်တယ်။ ချိုမြိန်ပြီး ရှင်းလင်းတဲ့ အမှတ်တရတွေ၊ တစ်ခါတစ်ရံမှာ... ခါးသက်သက်အရသာတွေနဲ့ရောပေါ့ ။ ကျနော့ရဲ့ (ထိုစဉ်) ချစ်သူဟာ နောက်ဆုံးမှာ စင်ကာပူကိုရောက်လာပြီး ပညာသင်ဖို့အောင်မြင်ခဲ့တယ်။ ကွဲကွာနေရတဲ့နှစ်တွေအပြီးမှာ အခုတော့ ကျွန်တော်တို့ဟာ တစ်မြို့တည်းမှာ၊ တူညီတဲ့လေကိုရှူရှိုက်ရင်း၊ အနာဂတ်အတွက် အစီအစဉ်တွေဆွဲနေကြတယ်။
၂၀၁၈ နဲ့ ၂၀၁၉ ဟာ အရမ်းမြန်မြန်ပဲ ကုန်ဆုံးသွားခဲ့တယ်။ လေပြေလေးလိုပဲ ဖြတ်သန်းသွားပြီး ပျောက်ကွယ်သွားမှသာ သတိထားမိတဲ့အရာမျိုး။
သတိမထားမိခင်မှာပဲ ကျွန်တော်တို့ဟာ အတူတူနေထိုင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မကြာခင်မှာပဲ ကိုးဗစ်ကပ်ရောဂါက စင်ကာပူကို ထိခိုက်စေခဲ့ပြီး circuit breaker mode ထဲကို ရောက်သွားခဲ့တယ်။ ကမ္ဘာကြီးဟာ တိတ်ဆိတ်သွားပြီး လမ်းတွေဟာ လူကင်းမဲ့သွားကာ အချိန်တွေဟာ ရှည်လျားလာသလို ခံစားရတယ်။
ထူးဆန်းစွာပဲ၊ အဲဒီကာလအတွင်းမှာပဲ ကျွန်တော်တို့ဟာ အလုပ်အသစ်တွေရခဲ့ကြတယ်။ မရေရာမှုတွေရဲ့အလယ်မှာပါ။ ကျွန်တော်တို့ဟာ အတူတူချက်ပြုတ်၊ အလုပ်လုပ်၊ ရယ်မောပြီး အဲဒီအခန်းကျဉ်းလေးထဲ ဘဝကိုတည်ဆောက်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ သက်တောင့်သက်သာဖြစ်လာခဲ့တယ်။ ဒါဟာ ကြီးပြင်းလာခြင်းရဲ့ခံစားချက်လို့ ထင်မိခဲ့တယ်။
ဒါပေမယ့် အချိန်ဟာ အမှန်တရားကို ဖော်ထုတ်တတ်တယ်။ ၂၀၂၁ မှာ သူမဟာ စကားပြောနည်းပြောင်းလာတယ်။ သိပ်မကြားရတဲ့ အရိပ်အမြွက်လေးတွေပေါ့။ သူမဟာ ကိုယ်ပိုင် အချိန် ကိုယ်ပိုင် နေရာ လိုချင်တယ် ပြောလာခဲ့တယ် ၊ သီးသန့်နေချင်တယ်ဆိုတဲ့စကားတွေ စပြောလာတယ်။ အစပိုင်းမှာတော့ ကျနော်ဟာ ဒါကို ဂရုမစိုက်ခဲ့ဘူး၊ စိတ်မရှည်တာလောက်ပဲလို့ ထင်ခဲ့တယ်။ ဒါပေမယ့် gut feeling အတွင်းစိတ်မှာတော့ ကျတော်မှန်းမိပါတယ်…
ဒါဟာ အဆုံးသတ်တစ်ခုရဲ့ အစဖြစ်နေပြီဆိုတာကို။
ထိုအချိန်တွေကို ဘယ်လိုရှင်းပြရမလဲ
စကားဝိုင်းတွေထဲကို တဖြည်းဖြည်းဝင်ရောက်လာတဲ့ ဆိတ်ငြိမ်မှု၊ နေ့တိုင်း ပိုရှည်လာတဲ့ စကားမပြောတဲ့ အချိန်တွေ...
ကျွန်တော်တို့ဟာ လူချင်းတော့ ဘေးချင်းယှဉ်နေဆဲပါ၊
ဒါပေမယ့် တစ်ခုခုတော့ အခြေအနေပြောင်းသွားပြီ။
အခုအချိန်မှာ ပြန်လည်သုံးသပ်ကြည့်တော့လည်း၊
ဘယ်အချိန်မှာ ကျွန်တော်တို့ဟာ အတူတူဆိုတဲ့အမှတ်အသားကနေ ကွဲကွာသွားချင်ပြီ ဆိုတဲ့ အမှတ်အသား တခုကို ဖြစ်သွားခဲ့ဖို့ တိတိကျကျ မပြောနိုင်တဲ့ မမြင်ရတဲ့ စည်း တခုရှိခဲ့ပုံရတယ်လေ ။
အလုပ်မှာစိတ်မွန်းကြပ်မှုများ / ကြဲမောင်ရောက်ရှိလာခြင်း (၂၀၂၂-၂၀၂၄)
နောက်ထပ် တစ်နှစ်လောက် အတူနေခဲ့ကြတယ်။ သက်တောင့်သက်သာမရှိ၊ အားထုတ်မှုနဲ့သာ ထိန်းထားခဲ့ရတဲ့ တစ်နှစ်ပါ။ နှစ်ယောက်စလုံး အရာရာဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ သိခဲ့ကြပေမယ့်၊ ဘာဖြစ်ဖြစ် ကြိုးစားခဲ့ကြတယ်။ နည်းနည်းလေးပိုစိတ်ရှည်၊ နည်းနည်းလေးပိုအချိန်ပေးရင် ကျနော်တို့လမ်းကြောင်းကို ပြန်ရှာတွေ့နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ကြတယ်။
အခန်းငှါးရာကနေ… ကျနော်တို့မျှော်လင့်ချက်တွေကို ထမ်းပိုးနိုင်မယ့် အိမ်တစ်အိမ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဘဝက သူ့သဘောနဲ့သူ ချဲ့ထွင်လာခဲ့တယ်။ ပရိဘောဂတွေများလာ၊ တာဝန်တွေစုပုံလာ၊ ပြီးတော့ ကြောင်တစ်ကောင်မွေးဖြစ်သွားတယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ကြဲမောင်ဟာ ကျနော်တို့ဘဝထဲကို ဝင်ရောက်လာခဲ့တယ် - ကမ္ဘာကြီးကို တိတ်တဆိတ်စူးစမ်းလိုတဲ့ နူးညံ့လှပတဲ့သတ္တဝါလေးပါ။ သူက အခုထိ ကျတော်နဲ့အတူရှိနေဆဲပါ။
နောက်ဆုံးမှာတော့ သူမထွက်သွားခဲ့တယ်။ ပစ္စည်းတွေထုပ်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျနော်ကတော့ နောက်မှကျန်ရစ်ခဲ့တယ် - ဆိတ်ဆိတ်ငြိမ်နေတဲ့အိမ်ရယ် ၊ ပရိဘောဂတွေရယ် ကြဲမောင် ရယ်နဲ့ အတူ…
ဒီဖရိုဖရဲဖြစ်မှုတွေက ကျနော့ကိုလေမရှူနိုင်အောင် ဖိထားသလိုခံစားရတယ်။ ကိုယ်ရေးကိုယ်တာဘဝက အလုပ်ထဲကိုပါ ယိုစိမ့်ဝင်လာပြီး ပင်ပန်းမှုတွေက မခံမရပ်နိုင်အောင် ဖြစ်လာတယ်။ ကျနော့ဘဝဟာ ချည်မျှင်တစ်ချောင်းပြီးတစ်ချောင်း ပြေလျော့လာသလို ခံစားရတယ်။ ဒီအခြေအနေကနေ ရုန်းထွက်ဖို့၊ လေကောင်းလေသန့်ရှူဖို့၊ ဘာမဆိုလုပ်ဖို့ လိုအပ်နေပြီလို့ ခံစားမိတယ်။
ဒါနဲ့ ကျနော် ရာထူးလျှော့ပြီး အလုပ်သစ်ရှာလိုက်တယ် ။ တစ်ခါက ထမ်းခဲ့ရတဲ့ ဦးဆောင်မှုတာဝန်တွေကို စွန့်လွှတ်ပြီး ပြန်လည်အခြေခံအဆင့် developer တစ်ယောက်အဖြစ် ပြန်စခဲ့တယ်။ အောက်ကျို့ခံရတဲ့အလုပ်ဖြစ်ပေမယ့် စိတ် ကျန်းမာရေးအတွက် တကယ်ကို လိုအပ်ခဲ့တယိ ။ ဒီနောက်ပိုင်းလတွေမှာ ကျနော်တို့ဟာ ဆက်ပြီးတော့ ရည်းစားဘဝကို ဆွဲဆန့်ခဲ့ကြသေးတယ် - နောက်ထပ်ခြောက်လကြာ မရေရာမှုတွေနဲ့ နှလုံးသားတွေကို ဒဏ်ရာရစေခဲ့တယ်။ ၂၀၂၃ အလယ်ပိုင်းမှာတော့ အဆုံးသတ်သွားခဲ့တယ်။ ဒီတစ်ခါတော့ အပြီးအပိုင်ပါပဲ။
ဒါပေမယ့်... တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။
လုပ်ဖော်ကိုင်ဖက်တွေက ကျနော်ဒု က္ခရောက်နေတာကို သတိထားမိကြတယ်။ သူတို့ရဲ့လက်တွေကို ဆန့်ထုတ်ကူညီခဲ့ကြတယ်။ အထူးအားဖြင့် အဲ့တုန်းက ကျနော့် တိုက်ရိုက်ဘော့စ်ပါ ( ဘုရားသခင် ထိုသူကို ကောင်းခြီးပေးပါစေ)
တဖြည်းဖြည်းနဲ့ ကျနော်ပြန်ထလာခဲ့တယ်။ အချိန်ပိုင်း Sheraton မှာ တူတူလုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်ဘရာသာနဲ့ ပြန်ဆက်သွယ်မိတယ် - ထူးဆန်းစွာပဲ သူလည်း ကိုယ်ပိုင်ဝမ်းနည်းမှုတွေကြားမှာ ရုန်းကန်နေရသူပါ။ မကြာခင်မှာပဲ နောက်ထပ် ကျနော် ငယ်ငယ်က သူငယ်ချင်း တယောက်လည်း စင်ကာပူရောက်လာတယ် - အသက်မွေးဝမ်းကြောင်းသစ်အတွက် လက်မှတ်တစ်ခုရဖို့ပါ ။ သူတို့ရဲ့ရှိနေမှုက... ကျနော့ ကို အထောက်အကူဖြစ်စေခဲ့တယ် ။
၂၀၂၄ ရောက်တဲ့အခါမှာတော့ ကျနော့် ရင်တွင်းမှာ တစ်ခုခု ပြန်လည်နိုးကြားလာတာကို ခံစားရတယ်။ ပျော်ရွှင်မှုလို့တော့ မခေါ်နိုင်သေးပေမယ့်... အဆင်သင့်ဖြစ်နေပြီလို့ ခံစားရတဲ့အရာတစ်ခု။ မီးစတစ်စလိုပါပဲ။ ဘဝဟာ ကျနော့ဆီကအရာအားလုံးနီးပါးယူသွားပြီးနောက်... နောက်ထပ်အစပြုဖို့ အခွင့်အလမ်းသစ်တစ်ခု ပေးနေသလိုပါပဲ။
အနုပညာလမ်းကြောင်းပေါ်သို့ ခြေလှမ်း (၂၀၂၄-လက်ရှိ)
ဒါနဲ့ပဲ ကျနော် စုတ်တံနဲ့ ဆေးခွက်ကို ပြန်ကိုင်ခဲ့လိုက်ပြီ။
ယခင်ကကဲ့သို့ စိတ်လွတ်လက်လွတ်မဟုတ်တော့ဘဲ ကြာမြင့်စွာမေ့လျော့ထားသောအိမ်တစ်အိမ်သို့ပြန်လာသူ၏သတိထားသောရိုသေမှုဖြင့်ပေါ့။ ဒေသခံအနုပညာပြိုင်ပွဲများကိုစတင်ရှာဖွေခဲ့တယ် - UOB Painting of the Year ပြိုင်ပွဲသည်ချက်ချင်း ကျနော့အာရုံကိုဆွဲဆောင်ခဲ့သည်။
သို့သော် ထိုအခါတွင်ကျနော့ ဗီဇာကြောင့် ဝင်ပြိုင်ခွင့်မရခဲ့ဘူး.. စလုံး နှင့် PR သာပြိုင်လို့ရနေသည်..
ထိုအချိန်တွင် ကျနော်နားလည်လိုက်ပါတယ် - ကျနော်သည် အမြဲတမ်းဤနေရာ၏ဧည့်သည်တစ်ဦးသာဖြစ်ကြောင်း။ ဤကျွန်းပေါ်တွင်ကြာမြင့်စွာနေထိုင်ခဲ့သောဧည့်သည်တစ်ဦး၊။
သို့သော် အခွင့်အရေး အားလုံး ဆုံးရှုံးသွားခြင်းတော့ မဟုတ်ပါ..
ဆုတံဆိပ်များမရခဲ့ပါ။ သို့သော် ပိုမိုကြီးမားသောအရာတစ်ခုရရှိခဲ့သည် - ရည်ရွယ်ချက်။ ပိုမိုတိတ်ဆိတ်ပြီး အထီးကျန်သောလများအတွင်းကျတော့်ကို အသက်ဆက်ပေးခဲ့သောအရာ။
တစ်ချိန်တည်းမှာပင် ကျနော်သည် မီးဖိုချောင်ထဲတွင်စမ်းသပ်မှုများစတင်ခဲ့သည် - မည်သည့်အခါမျှမကြိုးစားဖူးသောဟင်းလျာများကိုချက်ပြုတ်ခြင်း၊ လုပ်ငန်းစဉ်ကိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် TikTok တွင်တင်ခြင်းပြုလုပ်ခဲ့ပါတယ်
ထို့နောက် အခြားအလှည့်အပြောင်းတစ်ခုရောက်ရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ကျနော်အလုပ်ထုတ်ခံရသည်။ ကျွန်ုပ်၏ကုမ္ပဏီသည် အဖွဲ့အစည်းပြန်လည်ဖွဲ့စည်းခဲ့ပြီး ကျွန်ုပ်၏ရာထူးကို ဖျက်သိမ်းလိုက်သည်။ ခဏကြာ ထိုသို့သောနာကျင်မှုနှင့်အတူနေထိုင်နေခဲ့သည် - ငြင်းပယ်ခံရခြင်း၊ မရေရာမှုနှင့် ကြောက်ရွံ့မှု။
သို့သော် နောက်ဆုတ်မည့်အစား ယင်းကိုရင်ဆိုင်ခဲ့သည်။
အလုပ်အကိုင်အနားယူချိန်ကို နောက်ဆုတ်မှုတစ်ခုအဖြစ်မသတ်မှတ်ပဲ အခွင်းအရေးတစ်ခုဖြစ် အသုံးချကာ creative works များကို ပိုမိုလုပ်ဖြစ်ခဲ့သည် - ဤတစ်ကြိမ်တွင် ကိုယ်တိုင်၊ အသံသွင်းခြင်း၊ ကိုယ်တိုင်ဒါရိုက်တာလုပ်သော ဂီတဗီဒီယိုများကိုတည်းဖြတ်ခြင်း စသည်ကို လေ့လာ လုပ်ဆောင်ခဲ့ပါတယ်…
ယင်းသည် အချိန်ဖြုန်းရန်နည်းလမ်းတစ်ခုသာမဟုတ်ပါ။ ပြန်လည်ရှင်သန်ခံစားရန်နည်းလမ်းတစ်ခုဖြစ်သည်။
ကျွန်တော့်ဘဝရဲ့ လက်ရှိ နေ့ရက်များ (၂၀၂၅-လက်ရှိ)
ဒီနေ့ ဤအချိန်မှာ
မရည်ရွယ်ဘဲ ကြုံတွေ့လိုက်ရတဲ့ အလုပ်အကိုင်နားနေချိန်ဟာ ကျွန်တော့်ကို အိမ်လို့ခေါ်ခဲ့တဲ့ ဒီကျွန်းပေါ်မှာ ဆက်နေထိုင်ခွင့် ကန့်သတ်လာခဲ့ပါပြီ ။ နေ့တိုင်းလိုလို ဒီစိုးရိမ်မှုတွေရဲ့အလေးချိန်အောက်မှာ နေထိုင်ရင်း၊ တိတ်တဆိတ်ပူပန်မှုတွေအောက်မှာ နာရီတိုင်းကို ဖြတ်သန်းနေရတယ်။ ဒါပေမယ့်... ကျွန်တော်ဟာ ဆက်ပြီးမျှော်လင့်နေမိတုန်းပါပဲ။ စာတစ်စောင်၊ မက်ဆေ့တစ်ခု၊ အခွင့်အရေး တခု။ ပိုကောင်းတဲ့နေ့ရက်တွေအတွက် အမြဲတမ်းမျှော်လင့်နေမိတယ်။
၂၀၂၅ ခုနှစ်ရဲ့အစောပိုင်းလတွေဟာ ကြဲမောင်နဲ့ ကျွန်တော့်အတွက် စမ်းသပ်ခံခဲ့ရတဲ့ အချိန်တွေပါပဲ။ ဒီအချိန်တစ်လျှောက်လုံး တိတ်ဆိတ်စွာနဲ့ ခိုင်မြဲစွာရပ်တည်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့သစ္စာရှိမိတ်ဆွေလေးပါ။
ဒီလိုနဲ့ ကျနော်ဟာ မြောက်ဖက်ကိုရွှေ့ပြောင်းဖို့ အစီအစဉ်တစ်ခုရေးဆွဲခဲ့တယ်။ ကျွန်တော်မရှိချိန်မှာ ကြဲမောင်ကို ဂရုစိုက်ဖို့ မိတ်ဆွေတစ်ယောက်က ကူညီပေးခဲ့တယ်။ ဒီကရုဏာတရားမရှိခဲ့ရင် ကျွန်တော်ဘယ်နေရာမှာရှိနေမလဲဆိုတာ မသိဘူး။
ခုတော့ ကျွန်တော့်အတိတ်နဲ့ ဆက်သွားရအုန်းမယ့် အနာဂတ်ရဲ့ လမ်းခုလတ် အလယ်မှာ ကျတော် ရပ်နေပါပြီ… - ပြောစရာတော့ သိပ်မရှိတော့ပါလေ ။
ဒီစာကိုရေးနေတဲ့အချိန် - ကျွန်တော့်ဇာတိမြေကိုစွန့်ခွာခဲ့တဲ့နေ့ရဲ့ ဆယ့်နှစ်နှစ်မြောက်နှစ်ပတ်လည်နေ့မှာ - ခုလို ပြတင်းပေါက်ဘေးမှာထိုင်ပြီး ရင်းနှီးပြီးဝမ်းနည်းဖွယ်ကောင်းတဲ့ တောင်တန်းတွေကို ရေလက်ကြားတစ်ဖက်ကနေ ငေးကြည့်နေမိတယ်။ နှလုံးသားထဲကနေ နူးညံ့တဲ့၊ မပြောပြနိုင်တဲ့ဆန္ဒတစ်ခုကို ရေရွတ်မိတယ် - ဒီကျွန်းကြီးက ကျွန်တော့်ကိုနောက်တစ်ခါခေါ်မလား၊ ကျွန်တော်ကိုနောက်တစ်ခါလိုအပ်ဦးမလားဆိုတာကိုပါ။
ဒါပေမယ့် အကယ်၍မဖြစ်ခဲ့ရင်တော့... ဒီအတိုင်းနဲ့ပဲ ကျေနပ်ပါစေလို့။
ဒီကျွန်းကြီးမှာ…
ကျွန်တော် ရှိခဲ့ဖူးတယ်။
ကျွန်တော် အသက်ရှင်ခဲ့တယ်။
ကျွန်တော် ချစ်ခဲ့တယ်။
ဆယ့်နှစ်နှစ်ကြာ ဘဝရဲ့ ဖြတ်သန်းခဲ့တဲ့ ကာလအတွင်း...
နောက်ဆုံးတော့ ကျနော်ဟာ ဧည့်သည်တစ်ယောက်ပါပဲ။









Comments
Post a Comment