မှတ်မိနေမည် မနီလာ အပိုင်း(၁)
မနီလာကို ကျွန်တော် စိတ်ထဲစရှိတဲ့ အချိန်က ၂၀၂၃ခုနှစ် ဩဂုတ်လနှောင်းပိုင်း…
အမှတ်မမှားဘူးဆိုရင် မနီလာ အကြောင်း မသိခင်တည်းက မနီလာ အကြောင်း အိပ်မက် ၃-၄ ခေါက် မက်ခဲ့လိမ့်မယ်ထင်တယ်။
မနီလာ ဆိုတာ အမျိုးသမီး တစ်ယောက် မဟုတ်ပါဘူးနော်.. ကျွန်တော် ပြောမယ့် မနီလာ ဆိုတာ ဖိလစ်ပိုင် နိုင်ငံရဲ့ မြို့တော် လည်း ဖြစ် စီးပွါးရေး အချက်အချာ လည်း ဖြစ်တဲ့ မတ်ထရို မနီလာ (Metro Manila) အကြောင်းပဲ ဖြစ်ပါတယ်။
အိပ်မက်များအကြောင်း
ကျွန်တော့် အထင်တော့ YouTube ကစတာဖြစ်လိမ့်မယ်။ YouTube မှာ Manila Walking Tours၊ Mark Wiens ရဲ့ Manila Street Food Tour တွေ ပေါ်ပေါ်နေတော့ ကျွန်တော့် အိပ်မက်ထဲမှာ ပါ လေယာဉ်စီးစီးပြီး မနီလာကို ၃-၄ ခေါက် သွားသွားနေရတယ်ဗျ၊ ဆရာ မင်းသိင်္ခ ပြောသလို မသွားမီကများ ရောက်နှင့်နေသလား…
အဲဒါနဲ့ အဲ့တုန်းက ပေါင်းသင်းဖြစ်ခဲ့တဲ့ ဘော်ဒါ ငထွန်း (နာမည်ပြောင်းထားသည်) ကို တိုင်ပင်ကြည့်ဖြစ်တယ်၊ ငထွန်းက မနီလာမှာ ၃-၄ လ နေခဲ့ဖူးတယ်လေ..
ငထွန်းက အကြံပေးတယ်.. သူအဲ့တုန်း က နေခဲ့ဖူးတဲ့ မန်ဒလူယုန်း (Mandaluyong) မှာ တည်း သင့်တယ် ပေါ့၊ ဒါပေမယ့် ကျွန်တော် က အဲ့နေရာထပ် မနီလာ ပင်လယ်ကွေ့ (Manila Bay) ကို ပိုစိတ်ဝင်စားနေမိတယ်…အိပ်မက်ထဲမှာ အဲ့နေရာတွေ မှာ ထိုင်ခဲ့တာကိုး…
ပြီးတော့ ခု ဓါတ်ပုံ ထဲမှာ ကြည့်ကြည့်ရင် တောင် Manila Bay ဟာ ကျွန်တော့်အတွက် ၁၉၉၀ ခုနှစ်ကာလ အင်္ဂလိပ်သီချင်း ကာရာအိုကေ (80s karaoke) ထဲကလို မျိုး ခံစားရပြီး တစ်မျိုးလေး ဆွေးစရာလေး ဖြစ်စေတယ်…
ဒီလိုနဲ့ ဘာမှတော့ မလုပ်ဖြစ်ခဲ့ပါဘူး… ကျွန်တော် ၂၀၂၃ ရဲ့ နှစ်ကုန်ခါနီး လများမှာ ဘာလီ ကို သာ အပန်းဖြေဖို့ သွား ဖြစ်ခဲ့ပါတယ်။
နောက် တော့ ၂၀၂၄ ရောက်လာတော့ လည်း ကျွန်တော် ကျန်းမာရေး ကိစ္စတစ်ခု ကြောင့် ခရီးသွား တာ တွေ ခဏ ရပ်တန့်ခဲ့ရပါတယ် …
နောက် နေပြန်ကောင်းလာတော့မှ ခွင့်ရက်လည်း အဆင်ပြေတော့ ခရီး တစ်ခုသွားဖို့ အတွေးရှိ လာတယ်လေ.. အဲဒါနဲ့ ပြန်တွေးတော့ “ဪ… ငါ ထိုင်းတော့ မကြာခဏ ရောက်ဖူးတယ် … ဗီယက်နမ်လည်း အရင် က ရောက်ဖူးတယ်…ငါ မရောက်ဖူးသေးတဲ့နေရာ သွားမယ်.. ငါ မနှစ်က အိပ်မက် တွေ မက်မက်နေတဲ့ မနီလာ တော့ ငါရောက် အောင် သွားအုန်းမယ်၊ အိပ်မက်နဲ့ လက်တွေ့နဲ့ တူလား ကြည့်မယ် ” ဆိုပြီး မေလ ၁ရက် ကိုလေယာဉ် လက်မှတ် ၀ယ်ခဲ့ပါတော့တယ်…
အဆင်မပြေဖြစ်ရပြီ
ခရီး မသွားခင် တစ်လ မှာတင် တည်းမဲ့ နေရာ တွေ ကို ကြိုတင် ဘိုကင် လုပ်ခဲ့ပါတယ်..ကျွန်တော်သွားမှာ က လေးညအိပ် ငါးရက် ခရီး.. Agoda ကနေ နေစရာရှာကြည့်ဖြစ်တယ်
ပထမ နှစ်ညတည်းမယ့်နေရာ ကို Manila Bay နား ရှာကြည့်ဖြစ်တယ်.. Shell Residences ဆိုတာတွေ့တော့ တော်တော် သဘောကျသွားတယ်..ရေကူးကန်တွေ အများကြီးနဲ့ compound ကြီး ကလည်း ကျယ်တယ်ပေါ့..အဲ့နေရာကို ပစိုင်း (Pasay) လို့ခေါ်ပါတယ်..
Pic: View of Shell Residences
နောက် ၂ည ကိုတော့ မကာတီ (Makati) လို့ခေါ်တဲ့ နေရာနားမှာ ဈေးခပ် ပေါပေါဟိုတယ်တစ်ခုပဲ ငှါးလိုက်တယ်။
ဖြစ်ချင်တော့ မနီလာသွား ခါနီး စနိုးစနှောင့် ဖြစ်စရာ ကြုံခဲ့ရတယ်၊ ခရီးသွားခါနီး တစ်ရက် နေမှ iPhone က Screen ကြောင်လာပြီး အစဉ်းကြောင်းတွေ ပေါ်လာတယ်.. နောက် မကြာဘူး Screen တစ်ခုလုံးပါ သုံးမရ ဖြစ်သွားလေရဲ့…
အဲဒါနဲ့ပဲ ခရီးသွားမဲ့ မနက်ကို ကမန်းကတန်း ဈေးနားက ဖုန်းဆိုင်မှာ အပေါစား realme တစ်လုံး အသစ်ကို ဈေးပေါပေါနဲ့ ဝယ်ပြီး ခရီးကို ထွက်ခဲ့ရတယ် ၊ အဲဒါကြောင့် နောက် ဆက်ရေးမယ့် စာပိုဒ်တွေမှာ ဓါတ်ပုံတွေ အရေး အသွေးမကောင်း ဖြစ်နေလိမ့်မယ်၊ ပျက်သွားတဲ့ ဖုန်း တော့ နောက် မှ ပြင် တာပေါ့နော်…
ဒီလိုနဲ့ လေဆိပ် ကို ရောက်ခဲ့တယ်.. ထပ်ဖြစ်ချင်တော့ လေယာဉ်ကလည်း ၃ နာရီ နောက်ကျသွားတယ်။ ဟိုရောက်တော့ ညတော်တော် မှောင်ပြီ..ဖုန်း ဆင်းမ်ကဒ် ဘာညာလုပ်ပြီး ခပ်သုတ်သုတ် ငှါးထားတဲ့ အိမ်ခန်းဆီ တက္ကစီစီးလိုက်တယ်..
ရောက်တဲ့ အခါ ငှါးထားတဲ့ လူဆီက whatsapp ဖုန်းဆက်လာတယ်..နောက်ကျလို့တဲ့ ငှါးလို့မရ တော့ဘူးတဲ့.. အဲဒါနဲ့ luggage ရယ် လွယ်အိတ်ရယ် ထမ်းပြီး ဘယ်သူနဲ့ မှ မသိတဲ့ နေရာတစ်ခု မှာ ဘယ်မှ သွားတည်းစရာ မရှိ တဲ့လူတစ်ယောက် ဖြစ်သွားရတော့တယ်..
စိတ်ကညစ်လာတာနဲ့ ဘာလုပ်ရမှန်းမသိ အနီးအနားမှာ ရှာကြည့်တော့ ၁၂ လမ်းသွား လမ်းကြီးရဲ့ ဟိုဘက်မှာ ဟိုတယ် တစ်ခု ခပ်ရေးရေး တွေ့တာနဲ့ မထူးဘူး ဆိုပြီး လမ်းကို ဖြတ်ချလာတယ်..
ဈေးမေးတော့ walk-in ဆိုပြီး ဈေးကို ၂ဆ လောက်ပိုယူသွားတယ်.. မထူးတော့ဘူးလေဆိုပြီး ပင်ပန်းနေတာနဲ့ အခန်း မြန်မြန်ယူပြီး တစ်ညအတွက်တော့ နားဖို့ပြင်လိုက်တယ်…
ဒီလိုနဲ့ မနက်ကို စောစောနိုးလာခဲ့ပြီး ဟိုတယ် အောက်ကို ဆင်း မနက်စာ ဘူဖေး ကို ကျကျနန စားလိုက်တယ်.. နောက်တော့ ခဏ နား အစာချေပြီး ရေကူးဖို့ပြင်လိုက်တော့ ၁၀:၃၀ -၁၁ လောက်ရှိနေပြီ.. ဟိုတယ်အ ပြင်ကို ထွက်ကြည့်လိုက်တော့ “အား လား လား” ပူလိုက်တဲ့နေဆိုတာ.
ဟုတ်ပါတယ်၊ မနီလာရဲ့ အားနည်းချက်တစ်ခုက နေကပူ တဲ့ အပြင် အပူလှိုင်းပါ ဖြတ်တော့ လေပါပူနေတယ်.. ဒါပေမယ့် ရေတော့ မရရအောင် ကူးခဲ့ပါတယ်..
ရေကူးပြီး အဝတ်စားလဲ ဘာညာပြီး တော့ နေ့လည်စာ စားချိန် ဖြစ်နေပြီ၊ အဲဒါနဲ့ ခုမှ တကယ် စွန့်စားခန်းစတာပါ..ဟိုတယ်က ထွက်ပြီး ပင်လယ်ဘက်ကို တည့်တည့်ကြီးထွက်ချလိုက်တယ်.. SM Mall of Asia ကြီးကိုတွေ့တော့ ကြီးလိုက်တဲ့ Mall ကြီးပါလား ဆိုပြီး အံ့အားသင့်မိတယ်..
Pic: SM Mall of Asia Globe Rotunda
အဲ့ထဲလျှောက်သွားရင်း အဲ့မှာပဲ ရာမန်တစ်ပွဲနဲ့ ဗိုက်ဖြည့်ခဲ့တယ်..ပြီးတာနဲ့ ဆက်ပြီး Google Map ကြည့် ပင်လယ်ဘက်ကို မျက်နှာ မူပြီး တည့်တည့်ထွက်လာတော့ ရောက်ချင်နေခဲ့တဲ့ နေရာကို နောက်ဆုံးတော့ ရောက်လာခဲ့ပြီလေ..
ပင်လယ်ကွေ့ က တော်တော်တော့လှတယ်၊ အနီးအနားမှာ ကုန်တင်ကုန်ချ သင်္ဘောတွေသာ မရှိရင် ပိုလှမယ်..SM Mall of Asia ရဲ့တည့်တည့်မှာ က Ferris Wheel ကြီးရှိတယ်၊ Mall of Asia Eye (MOA eye) လည်းခေါ်တာပေါ့၊အဲ့လိုနဲ့ ပင်လယ်ကွေ့ကြီးအတိုင်း ဖြေးဖြေးလျှောက်လာတော့ SMA နဲ့ ကပ်ရပ် business center ကြီးက ထီးထီးကြီးနဲ့ ထည်ထည်ဝါဝါကြီး ဖြစ်နေတယ်.. ရုံးသမားတွေလည်း အများကြီးပေါ့၊
Pic: Manila Bay, it's similar to what I dreamt surprisingly
ဆက်ပြီး လျှောက်လာတော့ ဖြေးဖြေးချင်း လူပြတ်လာတယ်၊ ကားတွေ နည်းလာပြီး ပင်လယ်ကြီးရယ် ကိုယ်ရယ်ပဲ ရှိတော့တယ်၊ အဲ့မှာစပြီး အမှိုက်တွေ တွေ့လာရတော့တယ်၊ ပြီးတော့ တဲအိုတဲဟောင်း ကြိုကြားကြိုကြားတွေ တွေ့လာရပြီး ဆင်းရဲမှု အရိပ်အယောင် တွေ တွေ့လာတယ်၊ တွေးနေတုန်းမှာပဲ တဲအိုတစ်ခုက လူငယ်တစ်ယောက် အင်္ကျီချွတ်နဲ့ ထွက်လာပြီး မပြော မဆို နဲ့ ကျွန်တော် လမ်းလျှောက်နေတဲ့ တံတားရဲ့ဘေး ကနေ အောက် ကို ခုန်ဆင်းသွားတော့တယ်၊ ဒီနေရာမှတော့ ရေတွေက နောက်ကျိနေပြီး မထိန်းသိမ်းထားမှန်းသိသာတယ်၊ ဟိုလူငယ်ကတော့ ကူးကောင်းနဲ့ ကူးနေလေရဲ့…
ဒီလိုနဲ့ နေရာတွေ အများကြီး ဖြတ်လာပြီး Philippines Navy စခန်းရယ်၊ဆက်လျှောက်လာတော့ US embassy ကြီးနားကို ရောက်လာခဲ့တယ်.. ဒီလိုနဲ့ လျှောက်လာလိုက်တာ Rizal ပန်းခြံ ကို ရောက်ခဲ့တယ်၊ ဒီနေရာက
ရန်ကုန်က ပြည်သူ့ဥယာဉ်ကို အမှတ်ရမိစေတယ်..လွမ်းလွမ်းရှိတာနဲ့ Rizal ပန်းခြံမှာ ခဏ အနားယူ အရိပ်ခိုလိုက်တယ်..
Pic: Rizal Park, Manila
Rizal ပန်းခြံနားမှာ မြင်းလှည်းသမား တွေရှိနေတယ်၊ ကျွန်တော့်ပုံကြည့်ပြီး နိုင်ငံခြားသားမှန်းသိတော့ ဒီနားမှာ Intramuros ဆိုတာရှိတဲ့ အကြောင်း မြင်းလှည်းနဲ့ လိုက်ပို့မယ် ဘယ်လောက်ပဲပေး ဘာညာ ဆွယ်နေပေမယ့် ငြင်းလွှတ်လိုက်ပြီး ကိုယ့်ဟာကိုယ် လမ်းဆက်လျှောက် ခဲ့တယ်၊ ဘာလုပ်ချင်လို့လဲဆိုတော့ သူတို့နိုင်ငံရဲ့ public transportation ကိုသိချင်လို့..
Google map ခေါက်လိုက်တော့ အနီးဆုံး station က United Nations လို့ခေါ်တယ်.. လမ်းလျှောက်ကောင်းလာရင်း ညနေလည်းစောင်းလာပြီဆိုတော့ ဟိုတယ်ကို ရထားနဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်…UN station ကနေ Pasay ကိုသွားမယ်ဆိုရင် EDSA station မှာ ဆင်းရမယ်၊ ၄-၅ မှတ်တိုင်ပဲ ဆိုတော့ ရထားလက်မှတ်ဝယ်လိုက်ပြီး သူတို့ရဲ့ public transport ကို စီးဖြစ်ခဲ့တော့တယ်။
EDSA station ကဆင်းလာပြီး နောက် မိနစ် ၄၀ လောက် ဟိုတယ်ဘက်ကို ပြန် လျှောက်လာရင်း ဗိုက်ဆာတာနဲ့
လမ်းဘေးစာ တွေစားဖြစ်တယ်၊ ဒီမှာ လမ်းဘေးစာတော့ တော်တော် ပေါတာ.. ဒီလိုနဲ့ ဟိုဟာသုံးဒီဟာသုံးနဲ့ အကြွေစေ့တွေ များလာပြီး သယ်ရလေးလာတယ်..
ဟိုတယ်နားရောက်ခါနီးမှာ သူတောင်းစားကြီး တစ်ယောက် တွေ့တာနဲ့ အကြွေစေ့တွေ အကုန် လှူချလိုက်တော့တယ်..နောက်တော့ ဟိုတယ် မှာ ခဏနားပြီး ညဘက်ဗိုက်ဆာလာတော့ MOA eye ဘက်ကို နောက်တစ်ခေါက်လျှောက်လာပြန်တယ်၊ ညဘက်တော့ ဒီဘက်မှာ တော်တော် စည်ကားနေတယ်…
ဘားတွေ တော်တော်များများ က American style တွေ၊ ဝင်သွားတာနဲ့ ၇၀ခုနှစ် မဟုတ်ရင် ၈၀ ခုနှစ်က အမေရိကန် ဂီတအဖွဲ့တွေရဲ့ ပုံတွေ ချိတ်ထားတယ်.. လာထိုင်ကြတာလည်း ကြည့်တော့ သူတို့ လူမျိုးနည်းပြီး နိုင်ငံခြားသား ပဲများနေတယ်… နားယဉ်နေတဲ့ စလုံးသံ တချို့လည်းကြားနေရတယ်.. အဲ့ဘားမှာ အီကာ ဒို (Igado) လို့ခေါ်တဲ့ အသည်းနဲ့ အသား ရော ချက်ထားတာ တစ်ပွဲမှာ စားလိုက်တော့တယ်…
ဒီလိုနဲ့ စားသောက်ပြီး တော့ ပင်လယ် ဘက်ထွက်လာတော့ တော်တော်စည်နေတယ်.. ဒီနေရာမှာ ဒေသခံ ဖိလစ်ပင်း တွေ ပိုပြီး စုဝေးကြတယ်… ဒီမှာ တစ်ခုပြောစရာရှိတာ က ဖိလစ်ပင်းက ကက်သလစ် နိုင်ငံဖြစ်ပေမယ့် LGBT တွေ လည်း အမြောက်အများ တွေ့ခဲ့ရတယ်. ဒီ article မှာ ဆက် ဖတ်နိုင်ပါတယ်.
စားသောက်ပြီးတဲ့နောက်မှာတော့ ဟိုတယ်ပြန် အိပ်ခဲ့တယ်၊
ဟိုတယ် ပြောင်းပြီ
နောက်မနက်နိုးတော့ ကမန်းကတန်း သိမ်းစရာ ရှိတာ သိမ်း ၊ ဟိုတယ် checkout လုပ်ပြီး ဟိုဘက်ကို ကားငှါးလိုက်တယ်..
ကားသမား က ဖိလစ်ပင်ရဲ့ transportation အကြောင်းရှင်းပြတယ်.. သူတို့နိုင်ငံရဲ့ ဈေး အပေါဆုံး အငှား ယာဉ်က ဂျီပနီ (Jeepney) လို့ခေါ်တယ်တဲ့.. Jeepney ရဲ့ ပုံစံကို ကြည့်တော့ ရှေးခေတ် ဒုတိယကမ္ဘာ စစ် ခေတ် က ကားပုံဖြစ်နေတယ်.. မြန်မာ အမြင်နဲ့ ကြည့်ရင်တော့ ၃၉ ဗိုက်ပူ ပေါ့… ဒါပေမယ့် ဒီကားတွေက မဟောင်းနေဘူး.. သူ့ဟာသူ တောက်တောက်ပြောင်ပြောင် maintenance လုပ်ထားပြီး sticker တွေဘာတွေပါ ကပ်ထားကြတယ်..
Pic: Are they really Mercedes Benz?
နောက်တော့ Jeepney အပြင် ဆိုဒ်တွဲ (pedicab) လေးတွေလည်းရှိတယ်.. ကားသမား ရှင်းပြတာက..
အရင်ကတော့ ဓာတ်ဆီ နဲ့ ဆိုက်ကယ် ဆွဲ ကျရာကနေ ခုနောက်ပိုင်းတော့ ဆီဖိုးသက်သာအောင်..လျှပ်စစ်ကို အသုံးချပြီး battery တွေကို ညဆို ဖြည့်ပြီးတော့ electric bike နဲ့ ဟိုနားဒီနားလိုက်ပို့ အခကျေးငွေယူကြတာပဲ..
မြန်မာနဲ့ကြည့်ရင်တော့ ဆိုက်ကား ပဲပေါ့.. ဒါပေမယ့် နင်းစရာမလိုဘူးလေ..
နောက်ထပ်ပြီး သူက မတ်ထရို မနီလာရဲ့ မြို့တွေ အကြောင်း ရှင်းပြ တယ်၊ မနီလာ ထဲမှာ တင် မြို့ ၁၆ခု ရှိတဲ့ အကြောင်း ဘာညာပေါ့ ၊ business hub တွေ ဖြစ်တဲ့ ပစိုင်း ၊ မကာတီ ၊ အော်တီဂါ (Ortigas) ၊ ဘိုနီဖာဆရို (အတိုကောက် ဘီဂျီစီ) (Bonifacio Global City) ပြီးတော့ သူကိုယ်တိုင်တောင် မသိတဲ့ တခြား စီးပွါးရေး ဇုံတွေပါ ရှိကြောင်း ပေါ့၊ နောက်တော့ ခုသွားနေတဲ့ လမ်းမကြီး အဒ်စာ EDSA ( အရှည်Epifanio de Los Santos Avenue ) ရဲ့ ဒီ ဇုံတွေ ကို ဆက် သွယ်ထား ပုံ တွေ ကို ရှင်းပြတယ်၊
အဲတော့မှ ကျွန်တော် ရောက်စ ညက ဖြတ်ချလာတဲ့ ၁၂ လမ်းသွား လမ်းမကြီး က EDSA မှန်း သိခဲ့ရတယ်။Pic: EDSA during 1986 People Power Revolution
စကားဖေါင်ဖွဲ့ရင်း နောက် ဟိုတယ်ကို ရောက်လာတယ်..ဒီဟိုတယ်ကတော့ ဂျောင်ကျပြီး ကြယ်နှစ်ပွင့်လောက် ပဲရှိမယ် ထင်တယ်.. ရပ်ကွက်ထဲမှာ ဖွင့်ထားတာမျိုးဖြစ်နေတယ်.. check in လုပ်ပြီး နားလိုက်တယ်ခဏ…
နားရင်း ဘယ်နေရာတွေ ဘယ်လိုလည်ရင် ကောင်းမလဲဆိုပြီး ခေါင်းထဲမှာ အကြံဆွဲနေမိတယ်..








Comments
Post a Comment