မှတ်မိနေမည် မနီလာ အပိုင်း(၂)

 မနီလာ မှာ နောက်ထပ်သွားချင် တဲ့နေရာ က ဘီနွန်ဒို (Binondo) ပဲဖြစ်တယ်။ ဘီနွန်ဒိုက မနီလာရဲ့ တရုတ်တန်း ပေါ့၊

YouTube ထဲမှာ လည်း တွေ့ဖူးတော့ သွားကြည့်ချင်နေမိတယ်၊

ခဏ အနားယူရင်း Google map ကနေ ဘယ်လိုသွားရမလဲ ဆိုတာရှာ ကြည့်တော့  ရောက်နေတဲ့ ဟိုတယ်က ဂွါတာလူပေး လှေဆိပ်(Guadalupe Ferry Station ) နဲ့နီးတယ်၊ နီးတာမှ  လမ်းလေး ခဏလျှောက်ရုံပဲ။ 

ရေလမ်းခရီး

ဂွါတာလူပေး ကနေ ဘီနွန်ဒို ကို ရေလမ်း နဲ့ သွားလို့ ရတယ် ဆိုတော့ ပျော် သွားတယ်၊ အရင်လည်း ဘန်ကောက် ခရီး ထွက်တုန်း က အဲ့လို မော်တော်ဘုတ် စီး ပြီး မြို့ ရဲ့ နေရာ တွေကို ကြည့်ရတာ ကြိုက်တဲ့ သူဆိုတော့ လေ…

Pic: Guadalupe Ferry Station, Pasig River



အဲဒါ နဲ့ ပဲ ဂွါတာလူပေး လှေဆိပ် ဘက်ကို ငါးမိနစ် လောက် လျှောက် လာခဲ့တယ်၊ ဂွါတာလူပေး လှေဆိပ်… ပစစ် (Pasig) မြစ်နား ရောက်တာ နဲ့ အနံ့တစ်မျိုး ရလာတယ်၊ “ဘာနံ့ကြီးလဲဟ .. what’s that smell? “ လို့ တွေး လိုက် မိတယ် ..


နောက်မှ တွေ့တာ က ပစစ် မြစ်ဟာ အရမ်း ကို ညစ်ပတ်နေပြီး အဲ့ထဲက နေ ရေဆိုးနံ့ လှိုင် လှိုင် ထ နေတာ ပါပဲ.. ရေတွေ ဟာ မည်းညစ်ပြီး အမှိုက်တွေလည်း များတယ်… မသိရင် မြောင်းကြီး လိုပေါ့၊ ဒါပေမယ့် ကျယ်နေတာ တစ်ခုပဲ…

အနံ့မခံနိုင် လို့ နှာရှုံ့ရင်း station ထဲ ခပ်သုတ်သုတ် ဝင်လိုက်တယ်၊ နောက် မော်တော်ဘုတ် ထွက်မယ့် အနီးဆုံး အချိန်ကို ယူလိုက် ပြီး ကျသင့်ငွေ မေးလိုက်တယ်.. သူတို့က ရယ်ကြတယ်.. ဒီ ရေယာဉ် က အခမဲ့တဲ့ … 


နောက်လာ မယ့် ဘုတ်က နာရီဝက် လောက်လိုသေးတာရယ် ဗိုက်ဆာလာ တာရယ်ကြောင့် station က ထွက်လာပြီးတော့ စားစရာ လိုက်ရှာကြည့် ဖြစ်တယ်။ ဂွါတာလူပေး နေရာ ဟာ အခြေခံလူတန်းစား နေတာ ဖြစ်မယ်၊ အနီးအနား ဘာ စားစရာ မှ map က ထောက် မရဘူး၊ JollyBee တောင် မရှိဘူးပေါ့ ကုန်ကုန်ပြောရင်.. 


အဲဒါနဲ့ ထပ်ရှာတော့ အစိုဈေးကြီး တစ်ခုတော့ အနီးအနားမှာ ရှိတာ သတိထားမိသွားတယ်၊ အဲဒါနဲ့ အစိုဈေး ဘက်တက် ပြီး လျှောက်ရှာတော့ ပီဇာကို ပိုင်းပြီး ရောင်းနေတဲ့ ဆိုင် လေးတွေ့ တယ်၊ ဗိုက်ဆာတာနဲ့ အဲ့ က ပီဇာ တစ်ပိုင်း ရယ် ဘေးနား ဆိုင် က စရိုးမိုင်(ဝက်သားပေါင်း)  (Siomai) သုံးတုံးလောက် ဝယ်စားလိုက်တယ်… ကျတဲ့ ပီစို့ (Peso) ငွေကို စလုံးဒေါ်လာ နဲ့ တွက် ကြည့် လိုက်တော့ ၁ ဒေါ်လာ သာသာ ပဲရှိတာ သိလိုက်ရတယ်…

Pic: Street Food Pizza


ပီဇာ က မဆိုးပါဘူး၊ အသားတွေလည်း ပါပြီး ပီဇာ အရသာ လည်း ထွက်တယ်၊ စရိုးမိုင် ဆိုရင် လည်း စားကောင်းတယ် ..

လမ်းဘေးစာ စားပြီးတော့ ဟိုနားဒီနား လျှောက်ရင်း နာရီဝက်ဟာ ခဏ လေး နဲ့ကုန် သွားတယ်.. လှေဆိပ်ပြန်ရောက်တော့ မော်တော်ဘုတ် ရောက်တာနဲ့ ကွက်တိ.. 

ငရဲခန်းသာသာ

မော်တော်ဘုတ်ပေါ် ရောက်တော့ အနံ့ဟာ ပိုဆိုးလာတယ်၊ ပိုပြင်းလာတယ်.. ဖြစ်နေတာက မနီလာက နေအရမ်းပူ လေအရမ်းပူတော့ အဲ့ အပူနဲ့ မြစ်ထဲက ရေပုပ်တွေက အငွေ့ပျံပြီ အရမ်း အနံ့ပြင်းနေတာ တစ်ခုပဲ၊ ဘုတ်ထဲ ကြည့်တော့ နိုင်ငံခြားသား ဆိုတာ ကိုယ် တစ်ယောက်တည်း ရှိမယ်၊ ကျန်တဲ့ သူတွေ ကို ကြည့် တော့ အခြေခံလူတန်းစား ပုံစံ တွေ များနေတယ်…

ဒီလိုနဲ့ လူက ပင်ပန်းနေတာနဲ့ အိပ်မောကျချင်လာတယ်.. ဒါပေမယ့် မြစ်ရဲ့ ရေဆိုးနံ့က နှာခေါင်းကို မကြာခဏ လာ ရိုက်နေပြီး နေက လည်း နေ့လည် ၂နာရီ အရမ်း ပူပြီး “ပူလည်း ပူ၊ နံလည်းနံ” နဲ့ ဖြတ်သန်းလာတာ၊ ၁ နာရီ လောက်ကြာသွားတယ်၊ ကြားမှာလည်း station တစ်ချို့ ဖြတ်တာပေါ့၊ 
ဒီမှာ တစ်ချက် ဘန်ကောက်နဲ့ နှိုင်းယှဉ် ပါရစေ ၊ ဘန်ကောက် ရဲ့ ကျောက် ဖုရားမြစ် က ကျယ်လည်း ကျယ် အရမ်း လည်း မညစ် ၊ နိုင်ငံခြားသားပါ ခေါ်စီး လို့ရအောင် ထိန်းသိမ်းထား တဲ့မြစ်ဖြစ်တယ်.. အစ က ပစစ်မြစ် ကိုလည်း အဲ့လိုပဲ ထင်ပေမယ့် ပစစ်မြစ် ဟာ တော်တော် polluted ဖြစ်နေပါပြီ…
ဒီလိုနဲ့ နောက် ခဏ ဆက် သွားတဲ့ အခါမှာ အနံ့များ ရုတ်တရက် ပျောက် သွားပြီး ရေ ဟာ လည်း ကြည်လာပါတယ်.. ရှုခင်း တွေလည်း လှလာပြီး တကယ်ကို ခုန ၁၅ မိနစ်လောက် က မြစ်နဲ့ ကွာခြားသွားပါတယ်၊.. ပြီးတော့ မြစ်ဘေးမှာ လည်း တော်တော်လှ တဲ့ အဆောက်အဦး အိမ်လေး တွေ တွေ့ရတယ်.. ဘယ်လိုဖြစ်တာလဲ တွေးမိပြီး Google map မှာ ရှာကြည့်တော့ မလကာနာင်းအ် နန်းတော် (Malacañang Palace) ဖြစ်နေတာကို သိလိုက်ရတယ်။ 

Pic: Malacañang Palace View from Pasig River



မလကာနာင်းအ် နန်းတော် က ဖိလစ်ပင် အစိုးရ ရုံးထိုင်တဲ့နေရာပေါ့၊ ဒီလိုနဲ့ နောက် နှစ်မှတ်တိုင် လောက်ရောက် တော့ အက်စကော်တာ လှေဆိပ် (Escolta Rivera ferry station) ဆီရောက် ခဲ့တော့တယ်…ဒီနေရာက ဘီနွန်ဒိုကို ဝင်ရမှာလေ…


 နှစ်၄၀၀ ကျော် တရုတ်တန်း 

ဒီလိုနဲ့ ကမ္ဘာ့ ရှေးအကျဆုံး တရုတ်တန်း ဘီနွန်ဒိုကို  ရောက်လာခဲ့တော့တယ်၊ မြန်မာက တရုတ်တန်းနဲ့ တူလွန်းလို့ တော်တော် အံ့အားသင့်ခဲ့ရတယ်။ ရှေးခေတ် ကိုလိုနီခေတ် အဆောက် အအုံ တွေ ရဲ့ အောက်လေးတွေ
မှာ ဆိုင် လေးတွေ လုပ်ထားပြီး သံထည် ပစ္စည်း၊ ကုန်စုံ၊ ကြေးထည်. .. အစရှိတဲ့ hardware မျိုးစုံကို ရောင်းချကြပါတယ်၊

Pic: Filipino-Chinese Friendship Arch@ Binondo



တရုတ် အစားအသောက် မျိုးစုံဖြစ်တဲ့ ချားစူး (Char Siew) ၊ ဒင်မ်စမ်း (Dim Sum) ၊ ဖက်ထုပ် (Jiao zi) ၊ ဘဲကင် (Kao Ya) ၊ လားမြန့် (La Mian) စတာတွေကို ရောင်းချကြတယ်..
ဘီနွန်ဒိုရဲ့ အချက်အချာ နေရာကတော့ Lucky Chinatown Mall ကြီးပဲဖြစ်ပါတယ်၊ ဒီနေရာကို online မှာ တွေ့ဖူးတာကတော့ တရုတ်နှစ်သစ်ကူး ဆိုရင် အရမ်းကိုပဲ စည်ကားပြီး တော့ decoration တွေလည်း အရမ်းလှတယ်ဆိုတာပါပဲ။
Lucky Mall ထဲမှာ လျှောက်သွား စားစရာတွေ စားပြီး ဘယ်မှ လည် စရာမရှိတော့တာမို့လို့ တရုတ်တန်းက နေ ရွေ့ဖို့ပြင်လိုက်တယ်။ ဒီနေ့မှာတော့ င်္အတ္တရာမူရို့စ် (Intramuros) စပိန်လက်ထပ် ဖိလစ်ပင်း မြို့တော်ဟောင်း ကို သွားကြည့်မို့ပေါ့၊ အရင်နေ့က မြင်းလှည်းသမား လိုက်ပို့ မယ်ဆိုတဲ့ နေရာပါ။
ဒီတစ်ခါတော့ တရုတ်တန်းကနေ တက္ကစီ စီး မယ့် အစား ဆိုဒ်တွဲ pedicab စီးလိုက်တယ်။ အတွေ့အကြုံ တစ်မျိုးပေါ့၊ ဆိုဒ်တွဲ က လက်လုပ် ဂဟေနဲ့ ဆိုက်ကယ်ကို တွဲထားပြီး လှုပ်လီလှုပ်လှည့် နဲ့ ဖြစ်နေပြီး အရှိန်တင်လိုက်တဲ့ အခါတွေ အကွေ့တွေမှာ ပြုတ်သွားမလား စိုးရိမ်စရာ၊ ဒါပေမယ့် ဆိုဒ်တွဲ ရဲ့ မျက်နှာကြက်မှာ ယေရှု ပုံတွေ့လိုက်တယ် ၊ Jesus is with me ဆိုပြီး ကြောက်စိတ်များ ပျောက်သွားတော့ တယ် 


ရှေးဟောင်းမြို့တော်

Intramuros ရောက်တော့ စင်တီယားဂိုး ခံတပ် (Fort Santiago) နဲ့ မနီလာ ဘုရားကျောင်း (Manila Cathedral) (အရှည် ) ဟာ မျက်နှာချင်းဆိုင်ပဲ ရှိနေတယ်။ ညနေစောင်းလာပြီ ဆိုတော့ စင်တီယားဂိုး ခံတပ် ပိတ်ခါနီးနေပြီ အဲဒါနဲ့ ပဲ အဲ့ကို အရင်သွားဖြစ်တယ်။ အထဲမှာ စပိန်လက်ထက် အဆောက်အဦး အဟောင်းတွေ ရှိပြီး ဖိလစ်ပိုင်နိုင်ငံ ရဲ့ နိုင်ငံ့ အာဇာနည် ဖြစ်တဲ့ ဟိုစေးရစ်ဇယ် (José Rizal ) ရဲ့ မတရားအကျဉ်းချခံရပြီးနောက်ပိုင်း သူ့ရဲ့ နောက်ဆုံးနေ့ အထိသမိုင်းတွေကို ပြတိုက်ငယ်လို လုပ်ပြီးပြထားတယ်။ 


Pic: Fort Santiago Ornate Gate (453 years old)




နောက်တော့ ခံတပ် ရဲ့ တခြား တစ်ဖက် မှာ ကတုပ်ကျင်း တစ်ခု လည်း ရှိတယ်၊ အဲ့ထဲမှာ ဒုတိယ ကမ္ဘာစစ် လက်ထက် ဂျပန် တွေ ဝင်သိမ်း တုန်းက လူ အမြောက်အများ သတ် ခဲ့တဲ့ အကြောင်းတွေကို ရုပ်ထု တွေ ပန်းချီ တွေ နဲ့ ပြထား တယ်။ ကျွန်တော် လည်း အဲ့ ကတုပ်ကျင်း တစ်ပတ်ကြည့် ပြီး မွန်းလာတာ နဲ့ မြစ်ကမ်း နားသွား ပြီး လေညင်းခဏ ခံ အမော ဖြေ လိုက်ပါတယ်.. ဒီနေရာမှာ တော့ မြစ် က ကျယ်ပြီး ရေဟာလည်း ဂွါတာလူပေးလို အနံ့အသက် မရှိပဲ ညနေစောင်း လေလေး တိုက်ပြီး တစ်မျိုးလှနေလေရဲ့.





Pic: Pasig River view from Furthest most corner of Fort Santiago



ခံတပ်က ပိတ်ခါနီးဖြစ်လာတော့ လူတွေလည်း ဆိပ်လာတာနဲ့  အပြင်ပြန်ထွက်လာလိုက်တယ်။ ရှေ့ဘက် က မနီလာ ဘုရားကျောင်းကို ဝင်ကြည့်ချင်ပေမယ့် ဘုရား ကျောင်း ဟာလည်း ပိတ်နေပြီ..ဓါတ်ပုံဘာညာရိုက်ပြီး တော့ ဆက်ပြီး Intramuros ထဲ လျှောက် ကြည့်မိတယ်။ ဘုရားကျောင်းရဲ့ အနောက်ဘက် မှာ ဘုရားကျောင်း အမြင့်နဲ့ မတိမ်းမယိမ်း rooftop စားသောက်ဆိုင်လေး တွေ့တာနဲ့ အစာပြေ လေးစားခဲ့တယ်။ ဆိုင်နာမည်က La Cathedral လို့ ခေါ်ပြီး ဘုရားကျောင်းကြီး ရဲ့ မြင်ကွင်းကို အကျအနမြင်ရပြီး ရိုမန်းတစ် လည်း ဖြစ်တဲ့ နေရာ လေး တစ်ခုပါ။




Pic: View from La Cathedral


စားသောက်ပြီးနောက်တော့ Intramuros ရဲ့ အဆုံးထိ လျှောက်ပြီး ပရဝုန် ထဲက ထွက်လာလိုက်တယ်.. ခရီးစဉ် တောက်လျှောက် လမ်းလျှောက် တာတွေများ ပြီး လူက ပင်ပန်းနေတာနဲ့ အနှိပ်ခံ ဖို့ ရှာဖွေကြည့်တယ်၊ ဟိုတယ်နဲ့ မနီးမဝေး နေရာ နားမှာ review ကောင်း ကောင်း တွေ့တာနဲ့ အဲ့ နားကို ဆိုက်ကယ်ငှါးဖြစ်ပါတယ်။ 

ဒီမှာ တစ်ခု ပြောစရာရှိတာက Grab က ဖိလစ်ပိုင်မှာ GrabBike မရှိပါဘူး၊ Move It လို့ အမည်ရတဲ့ Strategic Partner တစ်ခုက ကြီးစိုးပါတယ်။ ဒီလိုနဲ့ Move It တစ်ကြောင်းငှါးပြီး ည၈နာရီလောက် မကာတီ ဘက်ကို ပြန်ရောက်ခဲ့ပါတယ်။

အနှိပ်ခန်းမှာ တစ်နာရီ ယူလိုက် ပြီး အနားယူလိုက်ပါတယ်.. ဖိလစ်ပိုင် ရဲ့ နှိပ်ပုံက ထိုင်းအနှိပ်လို ကြမ်းကြမ်းရမ်းရမ်း သိပ်မရှိဘူး .. ညင်သာပြီး ဇိမ်ရှိလှတယ်… ကျွန်တော်လည်း မျက်လုံးများ မှေးစင်း လာပြီး အနှိပ်ခံရင်း အိပ်ပျော်သွားပါတော့တယ် …

မျက်လုံးပြန်ဖွင့်လိုက်တော့ အနှိပ်သည်လည်း မရှိတော့။ အချိန်ကို ကြည့်လိုက်တော့ ၁၁:၃၀ လောက်ဖြစ်နေလေပြီ။ ဒီလိုနဲ့ ထွက်လာတော့ အနှိပ်သည်တွေက အိပ်မောကျနေတာမို့လို့ အားနာ လို့ မနှိုးတာလို့ ပြောပါတယ်။ ကျွန်တော်ထွက်လာတော့ သူတို့ က “Thank you , Po” ဆိုပြီး နှုတ်ဆက်ကြပါတယ်..ကျွန်တော့် ကို ကွန်ဖူးပန်ဒါလို့ ပြောတာ မဟုတ်ပါဘူးနော်.. ဖိလစ်ပင်း ရိုးရာ ဓလေ့မှာ အသက်ကြီး သူ၊  ဝါကြီးသူ ၊ ကာစတန်မာ တွေကို အနောက် က “ပို” ဆိုပြီး တပ်ပြော ကြပါတယ်။ ထိုင်းရဲ့ “ခပ် / ခရပ်” ဒါမှမဟုတ် ကျွန်တော်တို့ မြန်မာ ရဲ့ “ခင်ဗျာ/ ရှင်” နဲ့ သွားတူပါတယ်။

ကျွန်တော် ထွက်လာတော့ ဗိုက်ကအတော် ဆာနေပြီ၊ La Cathedral မှာ လည်း အနည်း ငယ်ပဲ စား ထားပြီး အချိန်က လည်း အတော်ကြာ သွားပြီ လေ။ အဲဒါနဲ့ ညလည်စာ ဟော့ပေါ့ စားချင်စိတ်ဖြစ်လာတယ်။ အဲ့ နေရာနား မှာ လည်း ၂၄ နာရီ ဟော့ပေါ့ ဆိုင် တွေ ရှိတာ နဲ့ ဝင်ကြည့် ဖြစ်ခဲ့တယ်။ 

ဟော့ပေါ့ ဆိုင်တွေက အဆာ ပလာ စားစရာတွေလည်း စုံပြီး ဈေးလည်း ချိုတယ်… စိတ်ကျေနပ်လောက် အောင် ဘူဖေး မှာ စားလိုက်ပြီး အချိန်က ၂ နာရီ နီးပါးဖြစ်ပြီ။


Pic: A hearty supper to call it a night


တစ်ညတာပြီးဆုံး


ဆိုက်ကယ် ထပ် ခေါ် လိုက် ပြီး ဟိုတယ် ကို ပြန်ရောက် လာခဲ့တယ်။ ညောင်း လည်း ညောင်း၊ နှိပ်ထားတော့ relax လည်း ဖြစ် ၊ ဗိုက် လည်း ကားကား နဲ့  အဲကွန်း တော်တော် အေးတဲ့ ဟိုတယ် ခန်းထဲမှာ စောင်ထူထူ ကို ခြုံပြီး ကျွန်တော် ဟာ အိပ်မက် ကမ္ဘာ ထဲကို လှစ်ခနဲ ရောက်ရှိသွားပါတော့တယ် .. 
မနက် နိုးလာတော့ ဟိုတယ် အပေါ်ဆုံးထပ် က ရေကူးကန် အသေးလေးမှာ နေမပူခင်ရေ စိမ် ၊ ရေချိုးပြီး မပြန်ခင် နောက် ဆုံး တစ်နေ့နဲ့ တစ်ညကို ဘယ် လို ဖြတ်သန်း မလဲ ပြင် ဆင် နေမိတယ်။ ကျွန်တော် ဘယ်တွေ သွားရမလဲ ဆိုတာ ခေါင်းထဲ မှာ သေချာ သိပါတယ်.. အဝတ်အစား လဲ လိုက် ပြီး  အပြင် ခဏ ထွက် ကြည့်လိုက်တယ်။ နေဟာ အသား ကို ကင်နေတယ်။ ဆိုက် ကယ် မစီးသင့် ဘူး ထင်ပြီး  ကားပဲငှါး လိုက်တယ်.. ကျွန်တော် သွားမယ့် နောက် နေရာ က



ဆက်ရန် 










Comments

Popular posts from this blog

၁၂ နှစ်တာ ဧည့်သည် - စလုံးနှင့်ကျနော်

12 Years A Guest - Singapore & I

မှတ်မိနေမည် မနီလာ အပိုင်း(၁)